ပထမဆုံး လုပ်မိတာက ဘယ်လိုပြေးရမလဲလို့ တွေးနေမိခြင်း။ ဒီလိုအခြေအနေနှင့် ပြေးလို့မလွတ်ဘူးဆိုတာကိုသိပေမယ့် ကောင်းထက် ကြိုးစားချင်မိသည်။ စာအုပ်စင်ခြားလျက်ရှိတာမို့ ကောင်းထက်က ညာဘက်သို့ လမ်းအနည်းငယ်လျှောက်တော့ လွန်းမာန်ကလည်း လိုက်လျှောက်သည်။ ကောင်းထက်ခြေလှမ်းတွေ တန့်ခနဲရပ်သွားသည်။ ကောင်းထက်က ဘယ်ဘက်သို့လျှောက်သည်။ စင်ခြားသည့်ဘက်က လွန်းမာန်ကလည်း ကောင်းထက်ရွေ့ရာ ဘယ်ညာသို့လိုက်ရွေ့သည်။ ကြာတော့ မောသာလာသည် ဒီအခြေအနေကနေ မတက်နိုင်သေး။ ကောင်းထက် အံကြိတ်မိသည်။
“ကိုယ်မင်းနဲ့စကားပြောချင်တယ် မပြေးနဲ့တော့ မလွတ်ဘူး”
ချိုသာသောအသံနှုန်းဟူပေမယ့် ကောင်းထက်နားထဲ ကေသရာဟိန်းသံလို။ အယောင်ယောင် အမှားမှား လက်အုပ်ချီကာ ပါးစပ်က 'သွားခွင့်ပေးပါဗျ´ဟု နှုတ်ခမ်းလှုပ်ရုံရေရွတ်၍ အကိုလွန်းမာန်အား မတ်တပ်ရပ်လျက် ရှိခိုးလိုက်သည်။
“ဘာတွေလုပ်နေတာလဲ တိုက်ပုံ၊ ကန်တော့လည်း အလွတ်မပေးဘူးနော် ကိုယ်မင်းနဲ့စကားပြောမှဖြစ်မယ်”
ကောင်းထက်ခဗျာ ငိုချင်သည့်စိတ်ကိုထိန်းကာ ခေါင်းကုတ်မိသည်။ ဒီအတိုင်းဆို စင်ခြားနေသည့်နေရာမှာပင် ဟိုသွားလိုက်၊ဒီသွားလိုက်ဖြင့် အချိန်ပုပ်မည်။ အနည်းငယ်တော့ ပရိယာယ်ထုတ်သုံးရပေမည်။ ထို့ကြောင့် စင်ခြားသည့်တစ်ဖက်က အကိုလွန်းမာန်ကို မရဲတရဲကြည့်တော့ ပြုံးနေတယ့်အကိုလွန်းမာန်နှုတ်ခမ်းကို ဦးစွာတွေ့သည်။ လှလိုက်တာ ထိုအပြုံးလေးက။ ဒါပေမယ့် ကြောက်စိတ်ကိုတော့အနိုင်မယူနိုင်။
“စာ..စာကြည့်တိုက်မှာမို့ စာဖတ်သူတို့အနှောင့်အယှက်ဖြစ်သွားလိမ့်မယ်ဗျ.. ”
လွန်းမာန်ပြုံးမိသည်။ စာကြည့်တိုက်မဟုတ်တယ့် အပြင်ကျ ခွေးဆွဲသလိုပြေးနေပြီးတော့။ ဒီလိုကျ သူကခွေးဖြစ်သွားပြန်ကော။
လွန်းမာန်က ကောင်းထက် မကြောက်စေရန်သာဖျစ်ညစ် ပြုံးပြ၍....
“ဒါဆို တိုက်ပုံအရှေ့ကနေထွက် ကိုယ်ကနောက်က လိုက်ခဲ့မယ်”