သမိုင်းဌာနဘက်ရောက်လျှင်ဖြင့် နိုးနိုင်က သူ့ရှေ့မှာ မပြေးရုံတမယ် အမြန်သွားနေသည့် ကောင်းထက်ကို အမှီပြေးလိုက်ကာ ကောင်းထက်ကို အော်ခေါ်လိုက်သည်။
“ကောင်းထက် ငါ့စောင့်ဦး”
ကောင်းထက်က နိုးနိုင်အသံကြားတော့ သွားနေတာရပ်၍ နောက်သို့လှည့်ကြည့်သည်။
“နိုးနိုင် ငိုနေတာလား”
နိုးနိုင်မျက်နှာနီနှင့် မျက်ခမ်းစပ်ကနီရဲရဲက ငိုခြင်းရဲ့ ပြယုဂ်တစ်ခု။ ကိုယ့်ဝမ်းနည်းစိတ်တောင် မေ့သွားရလောက်အောင် နိုးနိုင်ရဲ့ အငိုမျက်နှာက ကောင်းထက်အား ဆွဲဆောင်နိုင်လွန်းသည်။
“လာ အိုးဝေနဲ့ ပြန်ရအောင်... ”
နိုးနိုင်က ကောင်းထက်အမေးကို အဖြေမပေးသေးဘဲ ကျောင်းပြင်သို့ဦးတည်၍ ကောင်းထက်အား လက်ဆွဲခေါ်သွားသည်။ ချစ်သူများနေ့မို့ သာပိုင်နှင့်လျှောက်လည်မည်ဆိုသည့် အစီအစဉ်နှင့် နိုးနိုင်က ဆိုင်ကယ်မယူခဲ့တာဖြစ်သည်။ အခုတော့ တလွဲဆီ။
ကောင်းထက်က သမိုင်းဌာနကထွက်ချိန်တော့ နေပူတာကြောင့် အဆွဲမခံရသည့် လက်တစ်ဖက်နှင့် နှစ်ယောက်လုံအောင် ထီးဆောင်းရသည်။ ဝမ်းနည်းနေတော့ နိုးနိုင်ကလည်း ဒီဘက်ကို စိတ်မရောက်ပါ။ကောင်းထက်မှာ ချိုင့်ကတစ်ဖက် ထီးကတစ်ဖက်နဲ့မို့ အတော်မျက်စိနောက်စရာ။
အိုးဝေပေါ် ရောက်ချိန်မှာတော့ နိုးနိုင်က သူ့မျက်နှာကို လက်ဖဝါးဖြင့်အုပ်ကာ ငိုကြွေးသည်။ နိုးနိုင်နဖူးမှာ ဇောချွေးတွေလည်း ထွက်နေသည်မို့ ကောင်းထက်က လွယ်အိတ်ထဲက စာအုပ်တစ်အုပ်ကိုထုတ်၍ ယပ်ခတ်ပေးနေမိသည်။
“မြို့ထဲမောင်းပေးပါဦးလေးဗျ”
ကောင်းထက်က အိုးဝေသမားကိုပြောရင်း တိုက်ပုံအိတ်ကပ်ထဲက ပုဝါကို ထုတ်၍...
“မော့ပါဦး ဘာလို့ငိုနေတာလဲ ငါ့ကိုပြောလေ.. ”
နိုးနိုင်အား ဆံပင်တွေကိုသပ်တင်ပေးကာ ချော့မော့ပေမယ့် ငိုနေတုန်းပင်။ အိုးဝေလည်း စထွက်ပြီကြောင့် လေတိုးလာသဖြင့် ယပ်တော့မခတ်ပေးတော့။