နံရံမှာကပ်ထားသည့်နာရီကိုကြည့်လိုက် ကျောင်သင်ပုန်းပေါ်က စီစီရီရီ အင်္ဂလိပ်စကားလုံးတွေကိုကြည့်လိုက်နှင့် နိုးနိုင်စိတ်တွေဟာ မတည်ငြိမ်တော့ပါ။ နာရီလက်တံရှည် ၁၂ကိုရောက်ဖို့ တစ်မိနစ်သာ လိုတော့ချိန်တော့ ခါးကိုမတ်လိုက်ကာ ဒူးကိုလှုပ်နေမိသည်။ မရတော့ပါ။ ကျောင်းအမြန်ဆင်းချင်လှပြီ။ noahနှင့်အတူကြက်ကြော်ဆိုင်သွား၍ noahဝယ်ကျွေးတဲ့ကြက်ကြော်ကို စားချင်လှပါပြီ။ noahကိုယ်တိုင်နွှာကျွေးတာခံချင်ပေမယ့်လည်း အရမ်းအဆင့်တက်သွားတယ်လို့ ထင်သဖြင့် မမျှော်လင့်ရဲပါ။
ဒေါင် ဒေါင် ဒေါင်
ကျောင်းဆင်းခေါင်းလောင်းသံကြောင့် နိုးနိုင် လှစ်ခနဲပြုံးလိုက်သည်။ သို့ပေမယ့် ဆရာမ၏ တစ်ပုဒ်ပြီးအောင်ရှင်းပြမည်ဟု ပြောသံကြောင့် နိုးနိုင်ဟာခနဲညည်းလိုက်မိသည်။ အမြန်ဆင်းချင်ပါသည်ဆို။ ဆရာမအချိန်ပိုယူသင်တဲ့ တစ်မိနစ်လေးကိုပင် နိုးနိုင်မှာ အကြာကြီးဟုထင်မိသည်။ အဆိုးဆုံးက ရပြီးသားစာတွေကိုပြန်ရှင်းနေတာဆိုတော့ ပိုတောင်စာသင်ချင်စိတ်ပျောက်ရသည်။
“ကဲ နှုတ်ဆက်ရအောင် ကလေးတို့”
“အားလုံးနှုတ်ဆက်!! ”
စာရှင်းပြီးလို့ဆရာမက နှုတ်ဆက်မယ်ပြောတာနှင့် ဖင်မလေးဘဲချက်ချင်းထကာ အတန်းခေါင်းဆောင်အစား အားလုံးနှုတ်ဆက်ဆိုတာကို ရွတ်လိုက်သည်။ ရွတ်ဖို့ပြင်နေသည့် အတန်းခေါင်းဆောင်မှာလည်း နိုးနိုင်လုပ်ရပ်ကြောင့် ပါးစပ်လေးဟကာ ကြောင်အသွားသည်။ ပြုံးတုတုနှင့် အတန်းခေါင်းဆောင်ရှိရာ အနောက်ကိုလှည့်ပြီး သွားဖြီးရယ်ပြလိုက်သည်။
“မင်္ဂလာပါ သားတို့”
“ကျေးဇူးတင်ပါတယ်ဆရာမ”
စားပွဲပေါ်က စာအုပ်နှစ်အုပ်ကိုသိမ်းကာ လွယ်အိတ်ကိုအမြန်ကောက်လွယ်၍ ဘေးကသူငယ်ချင်းကို နှုတ်ဆက်ခဲ့ပြီး အခန်းထဲကနေ အနည်းငယ်လျင်သည့်ခြေလှမ်းတွေဖြင့် ထွက်လာခဲ့သည်။ အပေါ်ထပ်မှာသင်ရပြီး ကိုယ့်အခန်းကအလယ်မှာဆိုတော့ လှေကားရောက်ဖို့ ကိုးတန်းဘီအခန်းကိုဖြတ်ရမည်။ ကိုးတန်းဘီအခန်းကိုရောက်တော့ ခြေလှမ်းတွေကို ခဏရပ်ကာ ပြတင်းမှာတပ်ထားသည့် မှန်တံခါးကိုကြည့်လိုက်သည်။