ကောင်းထက်က ထမင်းစားဖို့ပြင်ဆင်နေတုန်း တိုက်ပုံနှင့်ပုဆိုးရွှေရောင်ကို ဝတ်ထားသည့်အဖေက ထမင်းစားခန်းထဲသို့ဝင်လာ၍ စားပွဲထိပ်မှာဝင်ထိုင်သည်။ အိမ်မှာနေရင် ပုဆိုးနဲ့ရှပ်အင်္ကျီအဖြူလက်ရှည် ဝတ်နေကျဆိုတော့ မနက်မှာတိုက်ပုံဝတ်ရင် အလုပ်သွားမည်။ ညမှာ တိုက်ပုံဝတ်ရင် အပြင်သွားစရာ ရှိလို့ဖြစ်သည်။
“အဖေ သွားစရာရှိလို့လားဗျ”
“အေး သား ညစာစားပွဲသွားရမယ် ဟန်ပြပေါ့လေ၊ ထမင်းတော့ အိမ်ကနေပဲ စားသွားတော့မယ်၊ ခဏလေးရယ် တဏှာရမ္မက်ကြီးတဲ့နေရာတွေမှာ ကြာကြာမနေနိုင်ပါဘူးကွာ”
“ဟုတ်ကဲ့ဗျ အဖေ”
ကောင်းထက်က ခူးပြီးသည့်ထမင်းပန်းကန်ကို အဖေ့ရှေ့ချပေးပြီး ပြင်ဆင်ချက်ပြုတ်ထားသည့် ဟင်းလေးပွဲဆီမှ တစ်ဇွန်းဆီခပ်ပြီး အဖေ့ပန်းကန်ထဲထည့်ပေးရသည်။ အဖေကတော့ ပြုံးကာ ကြည့်နေသည်။
“လိမ္မာလိုက်တာ၊ အဖေပျိုးလာတဲ့ပန်းလေး ကောင်းကောင်းမွန်မွန်ရှင်သန်နေပြီပဲ ၊ သားလည်းစားတော့ စိတ်မပူနဲ့၊ အဖေလူပြပြီးတာနှင့် ချက်ချင်းပြန်လာမှာ၊ ဖြစ်နိုင်ရင် အဲ့လို လောဘတွေပြည့်နေတဲ့ အရိပ်တွေမတွေ့ချင်ပါဘူးကွယ်”
အဖေလူရိုးကြီးက ညည်းသည်။ အပျော်အပါးမကြိုက်တတ်သူမို့ မသွားမဖြစ်သွားရသည့်အခါ လူပြပြီးသာ ပြန်လာတတ်သည်။ ပြန်လာသည့်အချိန်လည်း မကောင်းသောဓာတ်တွေကူးမှာမို့ တရော်ကင်းပွန်းနဲ့ရေချိုးသည်။ ပြီးရင် ဘုရားရှိခိုးပေမည်။
“မဟုတ်တာဗျာ အဖေကလည်း၊ စိတ်ချချသွားပါဗျ”
“ဟုတ်ပါပြီ စိတ်ချမယ်နော် သား”
“ဟုတ်ကဲ့ပါဗျ”
ကိုယ်စီ ထမင်းစားနေကြပြီဖြစ်၍ စကားမစဖြစ်တော့။ ငြိမ်ငြိမ်သက်သက် တိတ်တိတ် ဆိတ်ဆိတ် စားနေရင်းမှ ဦးဘုန်းက အရင်စားပြီးသွား၍ သားဖြစ်သူကျောကို လက်ဖဝါးနှင့် တစ်ချက်သပ်ကာ ခေါင်းကိုနမ်းပြီး ခြံထဲသို့ ဆင်းသွားသည်။ ကောင်းထက်လည်း စားစရာရှိတာ စားပြီးနောက် အိမ်ပေါ်တက်လာခဲ့သည်။