လည်နေသည်။ အားထည့်၍ လည်စေတာမို့ ထိုသစ်သားအဝိုင်းသည်အလည်မပြတ်သေး။ အရှိန်နှင့်သာ လည်မြဲလည်ဆဲ။ ထိုအဝိုင်းကိုအာရုံစူးစိုက်ကြည့်နေသည့် နိုးနိုင်ရဲ့ မျက်စံနက်ကလေးသည်လည်း ဝိုင်းကြီးပတ်ပတ်ဖြစ်နေသည်။ သစ်သားအဝိုင်းပေါ် ရိုက်ထားသည့်သံတိုင်သေးလေးတွေနှင့် ဖျော်ရည်ပိုက်လေးတို့ ရိုက်ခတ်သည့်အသံက တညံညံ။ သစ်သားဝိုင်းရပ်လို့ ပိုက်ရပ်တဲ့နေရာက ပေါက်မဲရှိရင် ပေါက်ပြီး၊ ပေါက်မဲမရီလျှင်တော့ မပေါက်ပါ။ လည်နေသည့်သစ်သာဝိုင်းကို နိုးနိုင်တစ်စိုက်မတ်မတ်ကြည့်နေသည်။ တစ်ဖြည်းဖြည်း နှေးလာသည့်သစ်သားဝိုင်းနှင့်အတူ ဘယ်ဟာကျမလဲဆိုတာ အားလုံးက ရင်ခုန်စိတ်လှုပ်ရှားစွာကြည့်နေသည်။ နိုးနိုင်လည်း ရင်ခုန်နေလျက်။
"ဂိမ်းစက်ကျကွာ ဂိမ်းစက်ကျ ဂိမ်းစက်ကျ"
ဆုံးဆုံးမရပ်သေးပေမယ့်လည်း သစ်သားဝိုင်းက အလည်နှေးလာသည်မလို့ ဂိမ်းစက်ကျဖို့ရာ နိုးနိုင်ဆုတောင်းနေသည်။ အိမ်ကိုဝယ်ခိုင်းလျှင် ဒီ့ထက်ကောင်းတဲ့ပစ္စည်းကို ရမည်ဆိုပေမယ့် မဲပေါက်ပါကရလာမည့် ထိုဂိမ်းစက်နှစ်ထောင်တန်လေးကိုသာရဖို့ နိုးနိုင်မှာ အပတ်တကုတ် ကြိုးစားနေရသည်။ လက်ထဲမှာတော့ သုံးခါလှည့်ထားရာမှ တစ်ခါပေါက်ထားသည့်ရေခဲမုန့်ရှိသည်။ ကျန်တာဗလာသာပေါက်သည်။
"ဟာ!!!! ဗလာတဲ့!!! "
စိတ်ပျက်သလို နိုးနိုင်က ရေရွတ်ပြီးနောက် ပါးစပ်ထဲကို လက်ထဲကရေခဲမုန့်တစ်ခုလိုက် သွတ်လိုက်မိသည်။ ပြီးလျှင်တော့ ဒေါသဖြေတဲ့အနေနဲ့ နှစ်ချက်လောက်ဝါးပြီးနောက် အေးခဲလွန်းလို့သွားတွေထုံကျင်ကြိမ်းတက်လာသဖြင့် ပါးစပ်ထဲကနေ ပြန်ထွေးထုတ်လိုက်ရသည်။
"သူငယ်ချင်းရလား"
ဘေးကသူငယ်ချင်းဖြစ်သူကပါ နောက်ကျောကိုပုတ်ပေးလာသည်။
"အမယ်လေး ငါ့သွားတွေတော့သွားပါပြီ အေးလိုက်တာ"
သွားတွေကြိမ်းသွားတာများ တစ်ကိုယ်လုံးကြက်သည်းမွေးညှင်းပါထသည်။ မရပါ။ ချစ်နိုးနိုင်လက်မလျော့နိုင်ပါ။ ဒီ့ထက်ကောင်းတဲ့ဂိမ်းစက်တွေကို ချစ်နိုးနိုင်က ဝယ်နိုင်သော်လည်း ဒီဂိမ်းစက်သေးသေးလေးကိုပဲ ယူချင်သည်။ ထို့ကြောင့် အခုဝယ်နေတဲ့သူတစ်ယောက်ပြီးတာနှင့် နောက်ထပ်ရေခဲမုန့်တစ်ခုဆက်ဝယ်ပြီး မဲနှိုက်မည်။ ချစ်နိုးနိုင်က ဘယ်တော့မှအလျော့မပေးပါ။ အခုတော့လူစောင့်ရမည်။