ကောင်းထက်က ရင်ခုန်နှုန်းလျော့ကျစေရန် ကိုယ့်ရင်ဘက်ကိုယ် လက်ဖဝါးဖြင့်ဖိထားရသည်။ ထို့နောက် video callကိုလက်ခံမိတော့ ပေါ်လာသည့် အကိုလွန်းမာန်မျက်နှာ။ ပိုလို့တောင် ရင်ခုန်လာရသလားလို့ ကောင်းထက် အောက်မေ့နေမိသည်။ ရင်ဘက်ကြီး ပေါက်ကွဲထွက်တော့မည့် အတိုင်းပေ။
သို့ပေမယ့် အခြေအနေအား အပြုအမူနဲ့စောင့်ထိန်းကာ ပြုံး၍......
“မင်္ဂလာပါဗျ”
“ကိုယ့်အိမ်မှာ အခုကျေနပ်ပြီလား”
ခုတင်ပေါ်မှာ အကိုလွန်းမာန်ကလှဲနေရင်း ဖုန်းကို အခန်းပတ်လည် ရိုက်ပြသည်။
“ဗျာ ဟုတ် ဟုတ် ကျွန်တော်က စိတ်ပူနေလို့ပါဗျ၊ ပြီးတော့ အနှောင့်အယှက်ဖြစ်နေမှာလည်း စိုးရိမ်လို့ပါဗျ”
အဖျားသတ်အသံလေး တိုးသွားသည့်အခါ လွန်းမာန်ရယ်လိုက်မိသည်။
“မျက်ရည်တွေ သုတ်ပါဦး၊ ကလေးကျလို့ ဝမ်းနည်းတာနဲ့ တန်းငိုတယ်”
“ဗျာ အာ ဟုတ်ကဲ့ဗျ”
ကောင်းထက်က သူ့ပါးပြင်ပေါ်ကမျက်ရည်တွေကို လွန်းမာန်ရှေ့တင်သုတ်လိုက်ပြီး ရယ်ပြသည်။ ယခုနှစ်ယောက်ကြားမှာ ဘာစကားပြောလို့ပြောရမှန်း မသိကျချေ။ လွန်းမာန်ကလည်း ကောင်းထက်ငိုနေတာနဲ့တင် video callခေါ်မိတာကြောင့် အခုကျ ဘာပြောလို့ပြောရမှန်းမသိ။ ကောင်းထက်ကလည်း ရှက်တာကြောင့် ဘာပြောလို့ပြောရမှန်းမသိပေ။သို့ပေမယ့်လည်း လွန်းမာန်ဘက်ကမစရင် ကောင်းထက်ဘက်က စလာမည် မထင်တာကြောင့် လွန်းမာန်ဘက်က လောကွတ်စကား စပြောရလေသည်။
“ဘာလုပ်နေလဲ တိုက်ပုံ”
“ကျွန်တော်အခု စားပွဲမှာ ထိုင်နေတာပါဗျ”
“ဟားဟား ဟုတ်ပါပြီ၊ အခန်းကို ပြပါဦး”
တိုက်ပုံအခန်းကသို့ရောက်ဖူးခဲ့ပေမယ့်လည်း စေ့စေ့စပ်စပ်မကြည့်ခဲ့ရတာမို့ စကားရှာသည့်အနေနှင့် ဆိုလိုက်သည်။
“ဟုတ်ကဲ့”
ထိုင်ခုံပေါ် ထိုင်နေရင်းပဲ ဖုန်းကို အိပ်ရာဆီပြ၍...
“ဒါက အိပ်ရာပါဗျ၊ ဒါကတော့ ဗီဒို၊ ဒါကတော့ စားပွဲပါဗျ”
တိုက်ပုံက သူ့စားပွဲကို ပြလာသည့်အချိန်တော့ စားပွဲပေါ်မှာ သပ်သပ်ရပ်ရပ်စီထားသည့် အစုများထဲမှ စာအိတ်အထပ်လိုက်ကို မြင်မိသည့်အခါ လွန်းမာန် ပြုံးလိုက်ရပြန်သည်။ ဖုန်းပေါ်မှာတော့ သူပြချင်တဲ့ ပစ္စည်းလေးတွေ ပြပြီးတော့ သူ့မျက်နှာလေးက ပေါ်လာသည်။