တက္ကသိုလ်မြေသည် ဆန်းကျယ်လှပသည်။ ထူးဆန်းသည်။ ထွေပြားသည်။ အရောင်အသွေး စုံညီသည်။ တမူထူးသည်။ လှပသည်။ ရှေ့တည့်တည့်က မြင်နေရသည့် အရောင်တောက်အနီရောင် လေးထပ်ဆောင်ကြီးကို တိုးငယ်မော့ကြည့်နေမိသည်။ လှပလွန်းလိုက်တာ။
ကြည့်နေခိုက် စိတ်ထဲပေါ်လာသည့် အတွေးတစ်ခုကြောင့် ကောင်းကောင်းဘက်သို့လှည့်ကာ...
“ကောင်းကောင်းရေ တိုးငယ်ဆယ်တန်းအောင်ရင်လည်း ဒီလိုတက်လို့ရမှာပေါ့နော်ဗျ”
ဘေးမှာရပ်နေသည့် ကောင်းကောင်းအား တိုင်တည်ပြောတော့ ဟုတ်ကြောင်း ခေါင်းညိတ်ပြလာသည်။ တိုးငယ်ပျော်သွားပြီး ဆိုင်ကယ်အပ်နေသည့်သူများကို အရိပ်အောက်မှာ နှစ်ယောက်သားစောင့်နေရတုန်းပင် ထိုလေးထပ်ဆောင်ကြီးအားကြည့်၍ သူ့ရဲ့တက္ကသိုလ်ပုံရိပ်များကို စိတ်ကူးယဉ်ကြည့်နေမိသည်။ ပျော်စရာတော့ကောင်းမှာ ဧကန်မုချဖြစ်သည်။
“လာ လာ လေးထပ်ဆောင်မှာစာနွေးစို့”
စာမေးပွဲကြောင့် ရင်ခုန်နေသည့် နွေသစ်အသံက နည်းနည်းတုန်ယင်သည်။ ဘယ်လောက်ပဲ ငယ်ငယ်ကတည်းက အကြွမ်းဝင်ခဲ့သည်ဖြစ်စေ စာမေးပွဲဆိုသည့်အသံကြားတာနှင့် တစ်ကိုယ်လုံး ဓာတ်လိုက်သလို တုန်ယင်လာသည်ပင်။
စာမေးပွဲဖြေချိန်လိုသေးသည်မို့ တစ်ဖွဲ့လုံးလေးထပ်ဆောင်ပေါ်တက်လာခဲ့သည်။ တတိယနှစ်တွေက မနက်ပိုင်းဖြေပြီး ပထမနှစ်တွေကတော့ ညနေပိုင်းဖြေရမှာဖြစ်သည်။ လေးထပ်ဆောင် ဒုတိယအထပ်အရောက်မှာတော့ ကြမ်းပြင်တစ်နေရာမှာ ဝိုင်းဖွဲ့ထိုင်လိုက်ကြ၏။ အားလုံးက စာကျက်နေပေမယ့် တိုးငယ်တစ်ယောက်သာ ပါလာသည့်ဝတ္ထုစာအုပ်ထုတ်ဖတ်နေသည်။
“noahသေချာဖြေနော် ချစ်နိုးလေးကအားဆေးပေးမယ်”
နိုးနိုင်က noahမျက်နှာကိုဆွဲယူကာ အားဆေးမည်သောအနမ်းပွင့်အား တိုက်ကျွေးလိုက်၏။ သာပိုင့်မျက်နှာက ပြုံးလာကာ အားဆေးထပ်မံကျွေးရန် နှုတ်ခမ်းထော်ပေးလိုက်တော့
ချစ်နိုးက အဆက်မပြတ် နမ်းလာသည်။ အားလုံးရဲ့မျက်နှာက အတွေးတစ်ခုစီနှင့် ပြုံးသွားပေမယ့် တိုးငယ်နှင့်ကောင်းထက်ကတော့ အနည်းငယ်ရှက်သွားဟန် မျက်နှာလွှဲသည်။