တီ!!!!
(နက်ဖြန်အားလား)
အိပ်ရာပေါ်မှာလှဲပြီး လိုင်းသုံးနေတုန်း နိုးနိုင်က စာပို့လာသည်။
“မအားဘူးသူငယ်ချင်း သင်တန်းရှိတယ်”
ကောင်းထက်က ထိုသို့ရိုက်ပြီး နိုးနိုင်ကို ပြန်ပို့လိုက်သည်။
(ငါ မနက်ဖြန်၁၂လောက် diamondသွားမလို့၊သုံးလွှာမှာ ငါ့noah အကသင်တန်းရှိတယ်လေ၊ ငါတစ်ယောက်တည်းမို့ မင်းကိုအဖော်ခေါ်တာ၊ ပြီးရင် ပြန်လိုက်ပို့ပေးမယ်)
နိုးနိုင်ဘက်က ပြန်ပို့လာသည်။
“ဘယ်အချိန်လဲ”
(၁၂နာရီသွားမှာ)
၁၂ဆိုတော့ သင်တန်းပြီးသည့်အချိန်ပင်။ ဒါပေမယ့် နှစ်နာရီမှာ ပြန်တက်ရမည်။
“၂နာရီကျ ပြန်လိုက်ပို့မှာလား”
(အေး ပို့မယ်)
“အေး အဲ့တာဆို ၁၂လာခေါ်”
(အိုကေ ဘယ်နေရာလဲ)
“ Mandalay 72 ဒါနဲ့... ”
ကောင်းထက်က စာရိုက်တာကို ခဏရပ်လိုက်သည်။ ထိုအကြောင်းကို နိုးနိုင်အား မေးရကောင်းမလားလို့ စဉ်းစားနေမိသည်။ထိုသို့မေးလိုက်ရင် နိုးနိုင်တစ်မျိုးထင်သွားလေမလား။ ဒါပေမယ့် ထိုအကြောင်းကို သိချင်သည်။ စိတ်ကိုမထိန်းနိုင်သဖြင့် နိုးနိုင်အား မေးဖို့သာ ဆုံးဖြတ်လိုက်သည်။ နိုးနိုင်ဘက်က ဘာမှထင်စရာအကြောင်းမရှိပေ။
“အကိုလွန်းမာန်ကော ရှိလား ”
(ရှိတယ်၊ ဒါပဲ outပြီ)
ချက်ချင်းပို့လာသည့် မက်ဆေ့ကြောင့် ကောင်းထက်ပြုံးလိုက်မိသည်။ ပြီးနောက် လိုင်းပိတ်ကာ အိပ်ရာပေါ်မှေးစက်လိုက်ပြီး ပြုံးလိုက်မိသည်။ မနက်ဖြန် ကျောင်းပိတ်ရက်ဖြစ်ပါလျက် အကိုလွန်းမာန်အား တွေ့နိုင်လေပြီ။ ဒီညတော့ ကောင်းထက်အဖို့ အိပ်မက်လှလှမက်ပေတော့မည်။
.................................................................
တီ! တီ!
နှိုးစက်မြည်သံကြောင့် ကောင်းထက် နိုးလာခဲ့သည်။ ပျင်းရိခြင်းကမကောင်းသဖြင့် အမြန်ထကာ အိပ်ရာကိုခေါက်သိမ်းရသည်။ နိုးနိုးချင်း အပျင်းကြောမဆန့်တတ်။ ထိုလုပ်ရပ်က လူပျင်းတွေ လုပ်ရပ်မို့ပင်။ ဆောင်းတွင်း၏ မနက်၅နာရီသည် မှောင်ရီနေသောညပင်ဖြစ်နေသေးသည်။ သို့ပေမယ့် သူ့မှာ ဒီထက်နောက်ကျအောင် မအိပ်တတ်ပေ။ နိုးပြီးခြင်း မျက်နှာသစ်သွားတိုက်ကာ ဘုရားရှိခိုးသည်။ သောက်တော်ရေနှင့်ညကဝယ်ထားသည့် ဘုရားပန်းကပ်သည်။ ပြီးတော့ ဘုန်းဘုန်းတွေကို ဆွမ်းလောင်းသည်။ ဆွမ်းလောင်းပြီးတော့ ခြံထဲ သန့်ရှင်းရေးလုပ်သည်။ နေ့စဉ်လုပ်ငန်းအားလုံးပြီးချိန်တော့ ရှစ်နာရီခွဲလေပြီ။ ရေမိုးချိုးကာ သင်တန်းသွားဖို့ပြင်ရတော့ည်။