ရှန်းဆစ်က ဟော့ပေါ့ဆိုင်သို့ အရင်ဆုံးသွားသည်။ ဆိုင်ရှေ့မှာ ဆိုင်ကယ်ရပ်တာနှင့် တိုးငယ်က အရင်ဆင်းကာ ရှန်းဆစ်အား အရိပ်ရသည့်သစ်ပင်အောက်မှာ ရပ်စောင့်နေလိုက်သည်။ ဆိုင်ကယ်သေချာရပ်ပြီးသည့် ရှန်းဆစ်ကတော့ ဆိုင်ကယ်သော့ကို လေပေါ်မြှောက်ကစားကာ ကြွကြွရွရွလျှောက်လာတာမို့ တိုးငယ်ပင် ခဏတာလေးငေးမိသည်။ ဘာလို့ လမ်းလျှောက်တာလေးက တောင် ဒီလောက်ထိပြည့်စုံနေရပါသနည်း။ ဆုတောင်းကောင်းခဲ့လိုက်တာ။
“မင်းအပိုင်ပါ အဲ့လောက်မငေးနဲ့”
“အယ့်ဗျ ကြည့်ကောင်းလို့ငေးတာဗျ”
ရှေ့တည့်တည့်မှာလာရပ်သည့် အကိုရှန်းဆစ်အား သူချစ်သည့် ရှေ့သွားလေး နှစ်ချောင်းပေါ်အောင် ပြုံးပြတော့ ပါးကိုလာဆွဲသည်။
“သွားစို့”
ရှန်းဆစ်က အိုးဝေပခုံးအားဖက်ကာ စားသောက်ဆိုင်ထဲသို့ ဝင်လာခဲ့သည်။ စားသောက်ဆိုင်ထဲ ရောက်ရောက်ချင်း ရှန်းဆစ်က ဟိုဝေ့ဒီဝေ့ဟိုလှည့်ဒီလှည့်မျက်လုံးကစားကြည့်တော့ ပြတင်းပေါက်နားကစားပွဲဝိုင်းမှာ ထိုင်နေသည့်သူငယ်ချင်းတစ်စုကို တွေ့လိုက်ရသည်။ ရှန်းဆစ်ကိုမြင်မှ သူတို့ကလက်ယမ်းပြကာ မြန်မြန်လာဖို့ခေါ်ကြသည်။
“ရင်တုန်လိုက်တာ”
အိုးဝေရဲ့ တိုးဖွဖွစကားသံလေး။
“ဘာမှမဖြစ်ဘူး”
အိုးဝေအား အားပေးလိုက်သည်။ထို့နောက် လွတ်သည့်နေရာမှာ နှစ်ယောက်သား ဝင်ထိုင်လိုက်ကြသည်။
“အကို့ကိုမှတ်မိသေးလား”
ထိုင်ထိုင်ချင်း အကိုတစ်ယောက်က တိုးငယ်ကို နှုတ်ဆက်လာသည်။
“ဟုတ်မှတ်မိပါတယ်ဗျ အကိုရှန်းဆစ်ကို လည်ပင်းညှစ်သတ်တဲ့တစ်ယောက်ပါဗျ”
“အေးပါကွာ”
အိုးဝေက အခုချိန်ထိ ကျော်သက်ရဲ့လုပ်ရပ်ကို လူသတ်သည့်လုပ်ရပ်လို့ပဲ ထင်နေပုံပါပေ။ ယဉ်လှသည့် ရှန်းဆစ်ရဲ့အိုးဝေငယ်သည် ရှန်းဆစ်ကြောင့် တစ်ပါးသူကို ထိခိုက်အောင်လုပ်ခဲ့ခြင်းပင်။ ရှန်းဆစ်အတွက် ထိုအကြောင်းကို တွေးကြည့်လေ ပျော်ရလေ၊ကြည်နူးရလေဖြစ်သည်။