လုပ်နေကျအလုပ်ဖြစ်ပေမယ့်လည်း ထိုအလုပ်ကိုမလုပ်ရလျှင် လွန်းမာန်ရင်ထဲ ဟာတာတာဖြင့် ရှိနေမည်။ မလုပ်ရမချင်း တစိမ့်စိမ့်လစ်ဟာနေတတ်သည်။ စတွေ့ကတည်းက ဦးထုပ်မဆောင်းတတ် သည့်တိုက်ပုံအား ကိုယ်တိုင်ဆောင်းလာပေးခြင်းသည် ချစ်သူဖြစ်သည့်တိုင် သူမပျက်ကွက်ပါ။ တိုက်ပုံက ဆောင်းတတ်ရင်တောင် တိုက်ပုံအားမဆောင်းစေဘဲ ကိုယ်တိုင်ပဲ ဆောင်းပေးဖြစ်မည် ထင်သည်။ ဦးထုပ်ဆောင်းပေးရင်းမှ နှစ်ဦးသားအကြည့်ချင်းဆုံရသည့်အလုပ်က မက်တွယ်လို့မဝသည့် အလုပ်တစ်ခုဖြစ်သည်။ ဦးထုပ်ဆောင်းပေးပြီးချင်းတော့ တိုက်ပုံပါးလေးအား နမ်းလိုက်မိသည်။
“ချိုင့်တွေက ဘာတွေလဲ”
“ဒီရက်ပိုင်းအဖေ့ကိုဟင်းကောင်းကောင်းလေးတွေ ချက်ကျွေးချင်တာဗျ ၊ သင်္ကြန်ရောက်တော့မှာဆိုတော့ ကျွန်တော်က ကိုရင်ဝတ်တော့မှာလေဗျ ၊ အဲ့တာ အမေ့အတွက်ရယ် အကိုလွန်းမာန်တို့အတွက်ရယ် ပိုချက်လာတာဗျ”
“သင်္ကြန်မလည်ဘဲ ကိုရင်ဝတ်မှာလား”
“ဟုတ်ကဲ့ဗျ ၊ တစ်နှစ်တစ်ခါတော့ အဖေ့ကို သာသနာ့ဘောင်ဝင်ခြင်းနဲ့ သားကောင်းတစ်ယောက်အဖြစ် ကျေးဇူးဆပ်ပါတယ်ဗျ”
ဒါတော့ လွန်းမာန်စဉ်းစားရခက်သည်။ လူငယ်ထုံးစံအတိုင်း သင်္ကြန်အခါတော်ရက်မှာတော့ ကိုယ့်ချစ်သူနှင့်အတူ မန္တလေးကျုံးမြို့ရိုးကိုပတ်လို့ နေရာအစုံလည်ပတ်ချင်တာ သဘာဝပဲလေ။ သို့ပေမယ့် ထိုသဘာဝထက် ကိုယ့်ချစ်သူတိုက်ပုံသဘာဝလေးက ထိုသို့ဆိုတော့လည်း ထိုသို့ပေါ့ပါလေဟု လွန်းမာန်မှတ်ယူလိုက်သည်။
“ဘယ်နှစ်ရက်ဝတ်မှာလဲ”
“တစ်ပတ်ပါဗျ”
“ဘယ်နေ့ကစမှာလဲ”
“နောက်တစ်ပတ်တနင်္လာဗျ”
“ဟုတ်ပါပြီ ကိုယ်ပစ္စည်းဒါယကာခံမယ်လေ ရတယ်မလား၊ ဘယ်ကျောင်းမှာလဲ”
“ရန်ကင်းတောင်က သရက်တောကျောင်းမှာဗျ ၊”
“မန္တလေးထဲမဟုတ်ဘူးလား”
“မဟုတ်ဘူးဗျ လမ်းသွားကားသံတွေနဲ့မို့ မန္တလေးထဲကျ ဆူလို့ဗျ”