ကောင်းထက်က ရေချိုးပြီးတာနှင့် ရှပ်အင်္ကျီလက်ရှည်အဖြူနှင့် ပုဆိုးနက်ကိုဝတ်ကာ မှန်ရှေ့မှာရပ်လျက် ခေါင်းကိုတဘက်ဖြင့် သုတ်နေကာ အတွေးတစ်ခုကိုပဲ စူးစူးစိုက်စိုက်တွေးနေမိသည်။ မနက်ဖြန် clubမှာ မနက်ပိုင်းအကလေ့ကျင့်ပြီး ညနေကျ လူသစ်ကြိုဆိုပွဲလုပ်မည်လို့ပြောသည်။ ခုနက နိုးနိုင်ဖုန်းဆက်တော့ လိုင်းပေါ်မှာ ပုံပို့ခိုင်းရင်း ရင်းနှီးအောင် စကားပြောပြီးပြီလားဟု မေးသည်။ ရှက်တာကြောင့် မပြောရဲသေးသဖြင့် မပြောရသေးကြောင်း ပြန်၍ရှင်းပြတော့ ကိုယ့်ကို ဆူငေါက်လိုက်တာများ နာရီဝက်တောင် ကျော်သည်။ မင်းအဲ့လိုဒူနေရင် ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့။ ဘယ်သူက အခွင့်အရေးရပါရက်နဲ့ မပြောချင်ဘဲ ရှိပါ့မလဲ။ ကြောက်လို့မပြောတာပေါ့။
ရေသုတ်နေတာကို ရပ်လိုက်ပြီး....
“သွားပြောရင်ကောင်းမလား၊ မာနကြီးတဲ့နတ်ဘုရားက အလိုက်သိ ပို့ပေးမယ်တောင် မရှိဘူး”
မကျေနပ်ဟန်ရေရွတ်ပြီးနောက် တဘက်ကို ဝရန်ဒါ၌ သေချာလှန်းထားခဲ့ကာ စာကြည့်စားပွဲရှေ့မှာ ဝင်ထိုင်ပြီး ကဗျာရေးရသည်။ ပြီးရင်တော့ အကိုလွန်းမာန်ကို စကားသွားပြောမည်။
“နေကြာပင်က နေရှိရာကိုသာ
မျက်နှာမူတယ်တဲ့ အကို..
သို့ပေမယ့်
သူ့ကို ရှင်သန်ဖို့
တစ်ဖက်တစ်လမ်းက
ကူညီပေးတယ့် မြေကြီးကိုတော့...
ဘယ်သူမှ စာမဖွဲ့ပေးကျဘူးအကို...
ဒီလူသားရဲ့ ချစ်ခြင်းက...
အကို မျက်နှာမူနိုင်လောက်တဲ့အထိ
မတတ်စွမ်းနိုင်ပေမယ့်..
နင်းချရှင်သန်ရာတော့...
ဖြစ်ပေးနိုင်ပါတယ် အကို... ”
စာရွက်လေးကို ခေါက်ပြီး စာအိတ်ထဲထည့်လိုက်သည်။
“စာတွေကော ဖတ်ဖြစ်ရဲ့လား မသိဘူး၊ ကျွန်တော့်စိတ်ကို အကိုလွန်းမာန် နားလည်ရင်ကောင်းမှာပဲဗျ”