စူးစိုက်ကြည့်နေသည့်ငွေနှင်းအား နွေသစ်က တန်ပြန်စိုက်ကြည့်သည်။ သူမရှိတုန်းခဏကို ကိစ္စတွေဖြစ်သွားလိုက်တာ ချစ်နိုးလေးပြောမှသိရသည်။ သင်တန်းကိုအကြောင်းပြပြီး ချစ်သူရှိသူကို မာယာလာများတာတော့ မဖြစ်သင့်ပေ။
ထို့ကြောင့် နွေသစ်ဘက်မှစတင်ပြီး..
“နင်ကိုသင်ဖို့ အခြားလူတစ်ယောက်ရှာပေးမယ်”
“မရဘူး ငါကကိုမာန်နဲ့ပဲသင်ချင်တာ”
နွေသစ်မျက်မှောင်ကုတ်သွားသည်။ ခပ်လှမ်းလှမ်းကကြည့်နေပေမယ့် မဝေးသောအကွာအဝေးမို့ ပြောသမျှအလုံးစုံ နိုးနိုင်မှာ အထင်းသားကြားရသည်။ ဘေးမှာထိုင်နေသည့်ကောင်းထက်ကို လှည့်ကြည့်တော့ တရားနယ်ကိုရောက်နေတာမှ တင်ပလ္လင်ခွေထိုင်ရင်း ပုတီးစိပ်နေသည်တဲ့။ တရားကိုဖျက်၍ ငရဲကြီးမှာလည်း ကြောက်နေရမည့်အချိန်မဟုတ်တော့ ကောင်းထက်လက်ထဲကပုတီးကို နိုးနိုင်ဆွဲယူလိုက်သည်။ ထိုအခါမှ ကောင်းထက်မျက်လုံးက ဆတ်ခနဲဖွင့်လာသည်။
“တရားအားထုတ်မှုကို မနှောင့်ယှက်ကောင်းပါဘူး နိုးနိုင်”
“အမနွေသစ်နဲ့ငွေနှင်း ရန်ဖြစ်တော့မယ် တားဦး”
“ဟင် ဘယ်မှာလဲ”
ကောင်းထက်က အခုမှ ပြူးပြူးပျာပျာဖြစ်လာသည်။
“ဟိုမှာလေ”
အမနွေသစ်ဘက်သို့ နိုးနိုင်လက်ညိုးညွှန်ပြသည်။
“သွားဆွဲမယ်လေ လာ”
ကောင်းထက်က နိုးနိုင်ကို လက်မောင်းကနေ ဆွဲခေါ်လာခဲ့သည်။ အမနွေသစ်ကို ရန်မဖြစ်အောင်ဆွဲရမှာဆိုပေမယ့် အမနွေသစ်ကိုကြည့်ပါက အတူမြင်ရမည့်အမငွေနှင်းကိုတော့ ကောင်းထက်မကြည့်ချင်။ ဝတ်ပုံက သူ့အတွက် အတော်လေးရိုင်းနေသည်ကိုး။ ထို့ကြောင့် မျက်လုံးနှစ်လုံးကိုမှိတ်လိုက်ပြီး အမနွေသစ်ရှိရာကို သေချာမှတ်ကာ မတိမ်းမယိမ်းတည့်တည့်သွားရတော့သည်။
“ဝေလွန်းမာန်ကို ဇာတ်လမ်းဆင်ချင်လို့လာတာဆို ဂျောင်းနော်”
“နွေသစ်”
“နင်ကများ”
နွေသစ်ကိုတားသည့်လွန်းမာန်အသံနှင့် ရန်သံပါသည့်ငွေနှင်းအသံပြိုင်တူထွက်လာသည်။ ရန်မဖြစ်စေချင်သောကောင်းထက်မှာ အမနွေသစ်ကိုတားဖို့ လောနေရတော့သည်။