“ပထမဆုံး မောင်လေးလုပ်ရမှာက အမတို့clubကို ဝင်ရမယ်”
နိုးနိုင်ရဲ့ဖွင့်ပြောမှုဖြင့် နွေသစ်က လွန်းမာန်နှင့်ကောင်းထက် နီးစပ်ဖို့အရေးကို တက်ကြွစွာပါဝင်ပေးသည်။ ကောင်းထက်လိုအူတူတူပုံစံက ဘယ်ကနေဘယ်လို ရင်းနှီးအောင်လုပ်ရမယ်ဆိုတာ မသိသော်လည်း နွေသစ်နှင့်နိုးနိုင်ကတော့ သိသိချင်း လမ်းကြောင်းဖောက်ပေးသည်။ ပြဿနာဆိုလို့ နိုးနိုင်တို့အခန့်သားခင်းပေးသည့်လမ်းကို ကောင်းထက်က ဖြောင့်ဖြောင့်မလျှောက်တတ်တာ တစ်ခုပဲရှိသည်။ အခုလည်း နောက်အနာဂတ်အတွက် အစီအစဉ်တစ်ချို့ကို ထမင်းစားဆင်းတုန်း ကောင်းထက်ရဲ့မျက်နှာချင်းဆိုင်မှာရှိနေသည့် နွေသစ်နဲ့နိုးနိုင်က ဆွေးဆွေးနွေးနွေး တိုင်ပင်နေသည်။
“ဘယ်လို ဝင်ရမှာလဲဗျ”
ကောင်းထက်ကမေးလိုက်သည်။
“ဒီမှာလေ noahဆီက ငါတောင်းခဲ့တယ်”
နိုးနိုင်က လက်တစ်ဖက်တည်းနှင့် formကိုထောင်ပြပြီး ပြုံးပြသည်။
နွေသစ်က ထိုformကို လက်ညိုးထိုးကာ.....
“အမတို့ အကုန်စီစဉ်ပြီးပြီ၊ မောင်လေးက အမတို့ပြောသလိုလိုက်လုပ်ပေး၊ ကြည့်စမ်း အမက မောင်လေးကို ကလေးလေးပဲလို့ တွေးနေတာ အချစ်တောင်တွေ့နေပြီတဲ့လား”
“အမကလည်းဗျ..ကျွန်..ကျွန်တော်..က”
ဖြေရှင်းဖို့ စကားစပေမယ့် မဆိုနိုင်သည့်အခါ စကားအထစ်ထစ်သာ ထွက်လာရသည်။
“အယ် အယ် ဘာဖြစ်တာလဲ အယ်”
ကောင်းထက်က သူ့မျက်နှာကို လက်ဝါးနှစ်ဖက်ဖြင့်အုပ်လိုက်တော့ နွေသစ်က ကောင်းထက်လက်ကိုဖယ်ပြီး စ သည်။ ကောင်းထက်က မဖယ်ပေးဘဲနဲ့ စားပွဲခုံပေါ် မှောက်ကာနေလိုက်သည်။
“အမက စတာပါ ရှက်မနေပါနဲ့ ချစ်စရာလေး”
ထိုသို့ပြောမှ ကောင်းထက်က ခေါင်းပြန်ထောင်လာကာ...
“ကျွန်တော်ဘာလုပ်ရမလဲဗျ”
“ပထမဦးဆုံး မင်း ဒီformကိုဖြည့်ရမယ်”
“ဟုတ်ပြီ”
ကောင်းထက်က နိုးနိုင်လက်ထဲကformကိုယူကာ လိုအပ်သည့်အချက်အလက်များကို ဖြည့်နေသည်။