အေးစိမ့်နေသော မြေအောက်ခန်းထဲတွင် အောက်သိုးသိုးအနံ့တစ်မျိုး နံစော်နေသည်။ နံရံများတွင် စိုစွတ်မှုကြောင့် ရွှံရေစက်များ စီးကျနေကာ ကြမ်းပြင်အောက်နားမှာ ရေတွင်အိုင်နေသည်။ မီးပုံငယ်မှ ရေစိုထင်းများသည် အရောင်မလင်းသော မီးတောက်ပြာများနှင့် မီးခိုးငွေ့များကိုသာ အူ ထွက်နေစေသည်။
ကြမ်းပြင်ပေါ်တွင် အ၀တ်စုတ်များ ပုံချထားသည်လား ထင်ရအောင် ကလေးငယ်များ စုပြုံနေသည်။ ညစ်ပတ်ပေရေနေသော အ၀တ်အစားများသည် လုံခြုံမှုမရှိသလို အစားအသောက် ၀လင်စွာမစားထားရသော မျက်နှာများသည် ပါးရိုးများ ငေါထွက်နေသည်။ အချို့မှာ ဒဏ်ရာများနှင့်ဖြစ်ပြီး ပြည်များ၊ သွေးများ စိမ့်ထွက်နေသည်။ ယင်မည်းကြီးများ ခြင်ကောင်များသည် အိပ်မောကျနေသော ကလေးငယ်များနား ရစ်၀ဲပျံသန်းနေသည်။
အဟွတ် ဟွတ်..
အဟွတ် ဟွတ်
အရိုးစုသဖွယ် ပိန်လှီနေသော ကလေးတစ်ယောက်ထံမှ ချောင်းဆိုးသံထွက်ပေါ်လာသည်။ အင်အားမရှိသော ချောင်းဆိုးသံသည် မောပန်း ဖျော့တော့သည်။ သို့သော် ထိုကလေး၏ ဘေးနားတွင်ရှိ ကောင်လေး၏ မျက်လုံးများ ဖျတ်ခနဲ ပွင့်လာသည်။ ချောင်းဆိုးနေသော ကလေးငယ်၏ ပခုံးကို ဆုပ်ကိုင်ရင်း လေသံနှင့် အသိပေးသည်။
"အသံမထွက်နဲ့။"
အဟွတ် ဟွတ် အဟွတ်
ကလေးငယ်သည် ခေါင်းညိတ်သော်လည်း ချောင်းဆိုးသံက မပျောက်။
"မင်းသေချင်နေလား။ အသံမထွက်နဲ့။"
ကောင်လေးသည် ကလေးငယ်၏ ပခုံးနှစ်ဖက်ကို ကိုင်လှုပ်သည်။ ချောင်းဆိုးသံသည် မပျောက်။ ကောင်လေးသည် ရိုင်းစိုင်းစွာ ဆဲဆိုလိုက်သည်။ ကလေးငယ်၏ ခေါင်းကို ဆွဲယူကာ ရင်ခွင်မှာအပ်သည်။ ခေါင်းကိုအတင်းဖိထားသည်။
ဟွတ် ဟွတ်..
ချောင်းဆိုးသံသည် မကျယ်လောင်တော့။ မြေအောက်ခန်းပေါက်၀တွင် လူရိပ်ထင်လာသည်။ မုတ်ဆိတ်မွှေးပရဗျစ်နှင့် ညစ်ပေနေသော မျက်နှာကြီးသည် စက်ဆုပ်ဖွယ်။ ကြီးမားသော အောက်နှုတ်ခမ်းကြီးသည် တွဲကျနေသည်။ ခေါင်းကိုဖိခံထားရသော ကလေးငယ်သည် အသက်ရှူမ၀တော့သောကြောင့် ရုန်းသည်။ ကောင်လေးက အလွှတ်မပေး။ အင်အားချင်းမမျှသောကြောင့် ရုန်းထွက်မရသော်လည်း လှုပ်ရှားမှုကြောင့် အပေါက်၀မှ လူကြီး၏ မျက်လုံးများ မှေးသွားသည်။
YOU ARE READING
HEXAGON
Science Fictionရတယ်။ ကမ္ဘာပျက်တာ သိပ်အရေးမကြီးဘူး။ ငါရှိတယ်။ ငါက မင်းရဲ့ကမ္ဘာ။