အပိုင်း ၃၁

4.7K 811 23
                                    

ရေစက်ကျသံကို ကြားရသည်။ မျက်လုံးများကို ချက်ချင်းဖွင့်လို့မရ။ ခွန်အားတစ်စက်မှမရှိတော့သလို ခေါင်းထဲမှာ မူးနေသည်။ နဖူးပေါ်မှ စီးကျနေသည်မှာ ချွေးစက်တွေမဟုတ်ဆိုတာကို အတ္တသိသည်။ နှုတ်ခမ်းများသည် ပူ နေသည်အထိ ကွဲအက်ခြောက်သွေ့နေပြီ။ ရင်းနှီးခဲ့သော စိုထိုင်းပုပ်ဟောင်နံ့သည် ဘယ်နေရာရောက်နေလဲဆိုတာကို ပြောပြနေသလိုပင်။ ရုတ်တရက် အသက်ရှူမ၀နိုင်တော့လောက်အောင် ထိတ်လန့်သွားသည်။ ကြောက်ရွံ့စိတ်များက ခန္ဓာတစ်ခုလုံးကိုလှိုက်စားသည်။ အစိုးမရစွာ မှောင်မည်းနေသော ပတ်၀န်းကျင်ကို အတင်းလှမ်းကြည့်သည်။

အဂ္ဂ ဘယ်မှာလဲ

အတွေးထဲသို့အရင်ဆုံး၀င်လာသူ။ နောက်ဆုံး သူမှတ်မိနေသည့် မှတ်ဥာဏ်သည် အဂ္ဂလက်ထဲမှ သေနတ်ကို မြေပြင်ပေါ် ပစ်ချလိုက်သည့်မြင်ကွင်းဖြစ်သည်။ သူတို့နှစ်ယောက် ကားရပ်ထားသောနေရာအနီးသို့ မရောက်ခင်ကတည်းက တစ်စုံတစ်ရာ လွဲနေပြီဆိုတာကို အဂ္ဂသိကာ သူ့ကို ကျောက်ဆောင်များကြားတွင် ပုန်းခိုင်းထားခဲ့သည်။ အချိန်အတန်ကြာသည်အထိ ဘာမှထူးခြားမှုမရှိ။ သေနတ်သံ၊ အော်ဟစ်သံများကို ကြားလိုက်ရချိန်မှာတော့ အတ္တ ပုန်းနေရာမှာ ငြိမ်သက်စွာမနေမိ။ အဂ္ဂအတွက်စိုးရိမ်ကာ ပြေးထွက်လာခဲ့သည်။ ဦးရာဇာ၏ ထောက်ချောက်ထဲသို့ တည့်တည့်တိုး၀င်မိခြင်းပင်။ ဦးရာဇာသည် အချိန်မဆိုင်းဘဲ အတ္တကိုဖမ်းဆီးနိုင်ခဲ့သည်။ အဂ္ဂကို ခြိမ်းခြောက်ပြီး လက်နက်ချခိုင်းနိုင်ခဲ့သည်။

"အဂ္ဂ.. အဂ္ဂ.. မင်း ဘယ်မှာလဲ"

ဖြေသံမရှိ။ သို့သော် အခန်းထဲတွင် မိမိအပြင် အခြားသူတစ်ဦး ရှိနေသည်။ အတ္တ တစ်ကိုယ်လုံးလှုပ်မရ။ နာကျင်မှုသည် ကျောရိုးထဲ၊ ၀မ်းဗိုက်နေရာ၊ ခြေထောက်နှင့်လက်ကောက်၀တ်။ တင်းကြပ်သောနံရံနှစ်ဖက်ကြား ညှပ်ခံထားရသလိုပင်။ လှုပ်ရှားမရသော လက်များနှင့်ခြေထောက်များကြောင့် ရုန်းကန်သော်လည်း အရာမထင်။ လက်ဖျံနေရာမှ စူးအောင့်မှုသည် ရှည်လျားသော အပ်ရှည်တစ်ချောင်း မိမိသွေးကြောထဲ ထိုးစိုက်၀င်နေသောကြောင့် ဖြစ်မည်။ ဒီဒဏ်ရာမျိုး၊ ဒီနာကျင်မှုမျိုးသည် သူ့အတွက် သူစိမ်းမဆန်။ ရုတ်တရက် အသံသဲ့သဲ့ကို ကြားလိုက်ရသည်။ လူမမှားနိုင်။ ရင်ထဲမှာ ဆစ်ခနဲ စူးအောင့်သည်။

HEXAGONWhere stories live. Discover now