အခန်းတံခါးကို နန္ဒ ဖြည်းဖြည်းခေါက်သည်။ ထူးသံမကြားရ။
"အငယ်လေး၊ ငါ ၀င်လာခဲ့မယ်"
သော့မခတ်ထားသော တံခါးလက်ကိုင်ကို လှည့်ဖွင့်ပြီး ၀င်လာခဲ့သည်။ ကုတင်ပေါ်တွင် ခြေချထိုင်နေသော အတ္တသည် ဖွင့်ထားသော ပြတင်းပေါက်မှ ညအမှောင်ကို ငေးကြည့်နေသည်။ ပျော့စင်းနူးညံ့သော ရှေ့ဆံပင်များသည် မျက်ခုံးအုပ်သည်အထိ ရှည်နေပြီ။ တိုးဝင်နေသော လေပြည်ကြောင့် မသိမသာ လှုပ်ရှားလျက်။
"ဖျားဦးမယ် အငယ်ရာ၊ အအေးမခံပါနဲ့လို့ ငါ ဒီလောက်ပြောထားတာ"
ညလေပြင်းသည် အေးမြမှု ကဲသောကြောင့် ပြတင်းတံခါးများကို ပိတ်လိုက်သည်။
"စားလိုက်ဦး၊ မင်းကိုကြီးအဂ္ဂ ကိုယ်တိုင်လုပ်ပေးတာ"
နန္ဒပြောတာကို မယုံကြည်ဟန် အကြည့်ဖြင့်ပင် မတုံ့ပြန်။
"အတ္တ.. မင်း အသက် ၁၇ နှစ်ကျော်ပြီနော်၊ ကလေးလုပ်မနေနဲ့"
"မစားချင်ဘူး"
"မင်း မစားရင် အဂ္ဂ ငါ့ကိုသတ်လိုက်မယ်"
"အဂ္ဂလား မင်းကိုသတ်မှာ၊ မင်းကိုတွေ့တိုင်း.."
စကားသံများကို ရုတ်ချည်းဖြတ်တောက်ပစ်လိုက်သောကြောင့် နန္ဒ ရယ်လိုက်သည်။
"ပြောလေ၊ အဂ္ဂက ငါ့ကိုတွေ့တိုင်း ဘာဖြစ်လဲ"
"ပြုံးနေတာ"
"ဟား ဟား ဟား"
နန္ဒ အားရပါးရ ရယ်ဖြစ်သည်။ မျက်လွှာတစ်ချက်ပင့်ကြီးပြီးမှ မရဲသလို မျက်လွှာချကာ ပြောလိုက်ပုံက ချစ်ဖို့ကောင်းနေသည်။
"မင်း မနာလိုဖြစ်နေတာ"
"မဟုတ်ဘူး"
"ဒီအခန်းကို မင်းတစ်ယောက်တည်း အပိုင်ရတာ ဘယ်လောက်ကြာပြီလဲ"
အတ္တ ထံမှ အဖြေမကြားရ။ နန္ဒ ပြုံးလိုက်သည်။
"ဖြေဦးလေ"
"သူ့ဘာသာ ငါနဲ့မနေချင်လို့ စာကြည့်ခန်းထဲ သွားနေတာ"
YOU ARE READING
HEXAGON
Science Fictionရတယ်။ ကမ္ဘာပျက်တာ သိပ်အရေးမကြီးဘူး။ ငါရှိတယ်။ ငါက မင်းရဲ့ကမ္ဘာ။