သက္ကရာဇ် xxxx
ပြက္ခဒိန်တွေ မရှိခဲ့တာ ကြာခဲ့ပြီဖြစ်သောကြောင့် နေ့တွေ၊ လတွေ၊ နှစ်တွေသည် အဓိပ္ပါယ်မရှိတော့။ မည်သူမှ အတိအကျမမှတ်မိသော်လည်း မိုး ရှားခြင်းမှ စသည်။ ကမ္ဘာမြေတွင် မိုးနည်းသည်ထက် နည်းလာသည်။ နှစ်နှင့်ချီပြီး မိုးမရွာသောဒေသများ တဖြည်းဖြည်းများပြားလာကာ သဲကန္တာရများသည် ကမ္ဘာ့မြေပုံ၏ နေရာအတော်များများတွင် နေရာယူလာခဲ့ပြီ။ တိုင်းပြည်နယ်နိမိတ်များ မရှိတော့။ အစိုးရ၊ ဥပဒေ၊ လူ့ကျင့်ဝတ်များ ပျောက်ကွယ်ကာ ရှင်သန်ခြင်းတစ်ခုသာ အရေးပါသည့် ငရဲကမ္ဘာ။
ချိုင့်ခွက်အပြည့် မြေလမ်းပေါ်တွင် ဘီးမြင့်များနှင့် လမ်းကြမ်းမောင်းကားတစ်စီး အရှိန်ပြင်းစွာ မောင်းနှင်နေသည်။ လမ်းအချို့နေရာများတွင် တစ်ချိန်က ဖြောင့်ဖြူးရှည်လျားသော လမ်းမကြီးအဖြစ် ရှိခဲ့ဖူးသည့် အထိန်းအမှတ်ဖြစ်သော ကတ္တရာစအချို့ကျန်နေသေးသည်။ အများစုမှာ မီးလောင်ထားသလို မည်းနက်လျက်။ လမ်းဘေးဝဲယာတွင် ပြိုကျနေသော အဆောက်အဦပျက်များ၊ အမိုးအကာ မကျန်တော့ဘဲ မီးလောင်ခံထားရသည့် ဟောင်းလောင်းပေါက် တိုက်ခန်းများသာရှိသည်။ အရာရာသည် ခြောက်သွေ့နေပြီး ဖုန်မှုန့်၊ သဲမှုန်များ ဖုံးလွှမ်းထားသည်။
ဒုန်း..
ကားသည် ချိုင့်ခွက်ကြီးထဲကျကာ မြောက်တက်သွားသည်။ ဧက ကားမောင်းမပျက်။ လမ်းဘေးဝဲယာကိုပါ ဂရုစိုက် သတိထားရင်း ရှေ့ဆက်မောင်းသည်။ ထိုင်ခုံများဖြုတ်ထားသဖြင့် ကားနောက်ခန်းတွင် လိုက်ပါလာသူများသည် သေတ္တာလွတ်တစ်လုံးထဲ ဖန်ဂေါ်လီထည့် လှိမ့်နေသလို အလူးလူး အလိမ့်လိမ့်။ သို့သော် မည်သူမျှ မညည်းညူဘဲ အသံ တိတ်နေသည်။
သရဲတစ္ဆေများသဖွယ် ညစ်ပတ်စုတ်ပြတ်နေသော လူစုစုကို ဟိုနားဒီနားတွေ့ရသည်။ လေးငါးဆယ်ယောက် အုပ်စုဖွဲ့ရင်း ထိုင်နေကြသည်။ အိမ်ပျက်များကြားထဲမှ သေနတ်သံတစ်ချက်ကို ကြားလိုက်ရသော်လည်း မည်သူမှ အထူးအဆန်းလုပ်ကာ လှည့်မကြည့်။ ဖိနပ်တစ်ရံ၊ ပေါင်မုန့်တစ်စအတွက် လူသတ်နေသော ခေတ်ကာလဖြစ်သောကြောင့် မထူးဆန်း။ နိုင်ငံတွေမှာ အမည်မရှိခဲ့တာ ကြာခဲ့ပြီဖြစ်သလို ကိုယ်ကျင့်တရားတွေ၊ စည်းကမ်းတွေဆိုတာ ယုံတမ်းပုံပြင်များလို ဖြစ်နေပြီဖြစ်သော ခေတ်ကာလတစ်ခု။
YOU ARE READING
HEXAGON
Science Fictionရတယ်။ ကမ္ဘာပျက်တာ သိပ်အရေးမကြီးဘူး။ ငါရှိတယ်။ ငါက မင်းရဲ့ကမ္ဘာ။