အပိုင်း ၄

9.6K 1.4K 200
                                    

ရဲတိုက်ကြီးကို ကြီးမားသော ကျောက်တုံးကြီးများဆင့်ကာ တည်ဆောက်ထားသည်။ နံရံအပေါ်ပိုင်းနားစီမှ သေးငယ်သော လေ၀င်ပေါက်များမှလွဲလျှင် ပြတင်းပေါက်မရှိ။ ထိုလေ၀င်ပေါက်မှ ဖြာကျနေသော အလင်းရောင်သာရှိသည်။ အလျားရှည်သော ကျောက်သားစားပွဲကြီး ခန်းမအလယ်မှာ တည်ရှိပြီး ထိုင်ခုံခြောက်ခုံကို ပတ်ချာလည် ချထားသည်။

နန္ဒနှင့် စိတ္တသည် အငွေ့တထောင်းထာင်း ထ နေသော ပန်းကန်များကို သယ်လာသည်။ မီးဖိုထဲမှာ တွေ့တာကို ချက်လာခဲ့ခြင်းဖြစ်သောကြောင့် ပဲဟင်းပန်းကန်များသာ ဖြစ်သည်။ အခြားအစားအစာများ ရှိသော်လည်း မထိရဲ။ သူတို့ မမြင်ဖူးသော ဟင်းလျာများဖြစ်နေသောကြောင့် မချက်ရဲဘဲ ရင်းနှီးနေသော ပဲဟင်းကိုသာ ချက်သည်။ ဂျုံမှုန့်များကို အိတ်လိုက်တွေ့ရသောကြောင့် ပေါင်မုန့်ဖုတ်တတ်နေသည့် နန္ဒအတွက် အခက်အခဲမရှိ။

"ဟူး.. ရပြီ။ သွားခေါ်တော့ စိတ္တ"

စိတ္တသည် ကြားဟန်မတူ ရေသန့်ပုလင်းကို ပိုက်ပွေ့ထားရာမှ ပါး မှာကပ်သည်။ ရေအေးငွေ့များကို တမ်းတမ်းတတရှိနေချိန်မှာ နန္ဒမှ ကတုံးကို ဒေါင် ခနဲ ခေါက်လိုက်သောကြောင့် အရသာ ပျက်သွားသည်။

"နာတယ်ဟ"

"ရေပုလင်းက မင်းရည်းစားလား"

"အေးနေတာပဲ"

"သွားခေါ်ပါဆို"

"ဟာ... ဧက က မခေါ်နဲ့ မှာထားတယ်လေ။ သူ ဆာရင် လာလိမ့်မယ်။ အဲ့ဒီ့မြေအောက်ခန်းကြီးနား ငါ မသွားရဲပါဘူး။ ဘာသံတွေမှန်းမသိ၊ ဘာနံ့တွေမှန်းမသိ။ မူးလိုက်တာ"

"ဒါဆို ကျန်တဲ့လူတွေ သွားခေါ်"

"ဘာဆိုင်လဲ။ ချက်ပေးတာ လွန်လှပြီ။ သူတို့ဘာသာ စားချင်လာစား၊ မစားချင်နေ"

ရေပုလင်းကို စားပွဲလယ်မှာ မကျေမနပ် ဆောင့်ချသည်။ ရောက်လာကတည်းက ဧက သည် မြေအောက်ခန်းထဲ ၀င်ရောက်ပျောက်ကွယ်သွားသလို ဒီပ သည် လက်နက်များရှိရာ အခန်းထဲမှ မထွက်တော့။ အဂ္ဂသည် စာကြည့်တိုက်နှင့်တူသော အခန်းထဲသို့ ၀င်သွားသည်။ ထိုအခန်းထဲတွင် စာအုပ်ဟောင်းများရှိသလို နည်းပညာစာအုပ်များလည်းရှိသည်။ အတ္တသည် ခြံထဲမှာ။ သူတို့နှစ်ယောက်က မဆီမဆိုင် အားလုံးအတွက် ချက်ပြုတ်နေရသည်ကို မကျေနပ်သော်လည်း နန္ဒ အမိန့်ကြောင့် မငြင်းနိုင်ခဲ့။ ယခု စားသောက်ဖို့ အားလုံးအဆင်သင့် ဖြစ်နေချိန်မှာ သွားခေါ်ရဦးမည်ဆိုတာကိုတော့ လက်မခံနိုင်။

HEXAGONWhere stories live. Discover now