အပိုင်း ၃၃

4.2K 776 24
                                    

ယမ်းမှုန့်၊ ဖုန်မှုန့်များကြောင့် မြူဖုံးထားသလို မှုန်မှုန်၀ါးနေသည်။ ခပ်ပြင်းပြင်းတိုက်ခတ်လိုက်သော လေပြင်းသည် မည်သည့်အရာကိုမှ မြင်ဟန်မတူ။ ဒဏ်ရာများကြောင့် ညည်းညူနေသော လူများအပေါ် မညှာမတာ ဖြတ်ကျော်သွားသည်။ အသက်မရှိတော့သည့် အလောင်းကောင်များကို လှည့်ပင်မကြည့်။ သိပ်မကြာခင်အချိန်က ကမ္ဘာပျက်သလို ဆူညံနေခဲ့သော နေရာသည် သွေးပြင်ကျယ်အတိအဖြစ် ညည်းညူသံများနှင့်သာ ကျန်ရစ်တော့သည်။

ဧကသည် မတ်မတ်ရပ်နေသော်လည်း ဘာမှမြင်ဟန်မတူ။ သွေးစက်များသည် ပါးပြင်ပေါ်တွင် ခြောက်ကပ်လျက် ညစ်ပေနေသည်။ မြင်ကွင်းများကို မြင်နေရသော်လည်း နားလည်နိုင်စွမ်းမရှိသလို ထူပူနေဆဲ။ ဗုံးသံ၊ သေနတ်သံများကြောင့် နားတွေ အူနေသည်။ ညှီစို့စို့အရသာကြောင့် ထွီခနဲ တံတွေးထွေးလိုက်သည်။ သွေးနှင့် ဖုန်မှုန့်ရောသော ချွဲပျစ်ပျစ် အရာကို တံတွေးဟုပင် မခေါ်နိုင်။

နန်း..

ခေါ်သံသည် တစ်၀က်တစ်ပျက်။ ခြေလှမ်းများက သူမ ရှိနေရာသို့။ သွေးအလိမ်းလိမ်းဖြစ်သော်လည်း နန်းနဒီသည် ရဲရင့်နေဆဲ။ ပုံပျက်နေသော လက်တစ်ဖက်သည် တွဲလောင်းကျနေသည်။ နန်းနဒီဘေးနားတွင် နန္ဒ ဒူးထောက်ထိုင်နေသည်။ ဧကကိုမြင်လျှင်မြင်ချင်း အားကိုးတကြီး လှမ်းပြောသည်။

"ကိုကြီး.. မမနဒီ.. လက်တစ်ဖက်"

ဧက ခေါင်းညိတ်ရုံ တုံ့ပြန်သည်။ ခွန်အားများသည် တစ်ခုချင်းစီ ကိုယ်ခန္ဓာမှ ဖယ်ထွက်နေသလို သူ ပင်ပန်းနေပြီ။ သို့သော် စိတ်မလျှော့ရဲသေးသလို မလျှော့နိုင်သေး။ နန်းနဒီ၏ လက်တစ်ဖက်သည် ပုံပျက်ပန်းပျက် ဖြစ်နေသည်။ လူချင်းယှဥ် တိုက်ခိုက်ရာတွင် လက်ဖျံရိုးကျိုးကာ ချော်ထွက်သွားခြင်းဖြစ်သည်။ သူမ အသက်မဆုံးရှုံးခဲ့သည်မှာ စိတ္တ၏ ကျေးဇူးကြောင့်ဖြစ်သည်။ လူစုပြီး အမြန်ဆုံးလိုက်လာနိုင်ခဲ့သောကြောင့်သာ သူတို့အားလုံး အသက်မဆုံးရှုံးခဲ့ရ။ သို့သော် အလူးအလဲ ခံလိုက်ရသည်။

"ဒီပရော...နန္ဒ."

"အပေါ်မှာ၊ သွေးတိတ်အောင်အရင်လုပ်ပြီးမှ နေရာရွှေ့ရမယ်၊ သူ့ ဒဏ်ရာပြင်းတယ် ကိုကြီး၊ သူ့နားမှာ စိတ္တ ရှိတယ်"

HEXAGONWhere stories live. Discover now