အပိုင်း ၂၉

5.6K 982 45
                                    

တိမ်လိပ်များကို ဦးစွာမြင်ရသည်။ အပြာရောင်လွင်သော ကောင်းကင်နောက်ခံတွင် ဖြူဖွေးသော တိမ်စိုင်တိမ်တောင်များသည် လုံးထွေးရစ်ပတ်ကာ ဖောင်းကြွနေသည်။ တဖြည်းဖြည်းနိမ့်ဆင်းလာသော ထိုတိမ်စိုင်ကြီးသည် ပျောက်ကွယ်သွားမည် ထင်ရသော်လည်း မဟုတ်ပါ။ ကောင်းကင်ပြင်အနှံ့ နေရာဖြန့်ကာ ကျယ်ပြန့်လာသည်။ အချို့နေရာများတွင် အလင်းရောင်ရှိနေသေးသော ကောင်းကင်ပြင်ကို မြင်နေရသော်လည်း နေရာအနှံ့တွင် မည်းကာ မှောင်နေပြီ။ ကောင်းကင်ပြင်သာမက ပင်လယ်ရေပြင်ပါ မီးခိုးရောင်သန်းလာသည်။

"ဘာဖြစ်နေတာလဲ အဂ္ဂ"

ထိတ်လန့်သံပါသော မေးခွန်းကို မဖြေသေးဘဲ ပြုံးသည်။ ခေါင်းကိုမော့ကာ ရေငွေ့ပါသော ပင်လယ်လေကို ရှုရှိုက်သည်။ တစ်ချက်တစ်ချက်မှ ပြင်းသော လေကြောင့် ပုံမှန်ငြိမ်သက်နေရာမှ ‌ေ၀ါခနဲ လှုပ်ခါပြီး တစ်ဖန် ပြန်ငြိမ်သွားသည်။ ကျောက်ဆောင်များတွင် တွယ်ကပ်နေသော ချုံငယ်များသည် တရှဲရှဲလှုပ်ခါနေပြီးမှ ပြန်လည်ငြိမ်သက်သွားခဲ့ပြီ။ လှိုင်းလုံးများသည် မြင့်သထက်မြင့်လာသလို ကြမ်းသထက်ကြမ်းလာသည်။

တိမ်စိုင်များကြားမှ ထစ်ချုန်းသံများကို ကြားရသည်။ လက်ခနဲဖြစ်သွားသော အလင်းတန်းများကိုပါ မြင်လိုက်ရသည်။ အတ္တ ခေါင်းမော့ကြည့်သည်။

ရေစက်တစ်စက်..

သူတို့မျက်နှာပြင်ပေါ် လွင့်စင်လာသည်။ အထင်မှားတာလား။ သေချာအောင် ထပ်မော့ကြည့်သည်။ ရပ်တန့်သွားသလိုထင်ရပြီးမှ နောက်တစ်စက်။

မိုးရွာနေပြီ။

ကြုံရခဲလွန်းသည့် အဖြစ်ကြောင့် အကြောက်မှသည် အပျော်သို့ပြောင်းသည်။ သူတို့နောက်နားမှ ရွက်ဖျင်တဲလေးသည် လေပြင်းဒဏ်ကို မခံနိုင်တော့သည့်အလား လှုပ်ခါနေပြီ။ သို့သော် နှစ်ယောက်စလုံးသတိမပြုမိကြ။ ပင်လယ်ပြင်နှင့် ကောင်းကင်ရှိရာသို့သာ စိတ်ရောက်နေသည်။ ရေစက်လေးများသည် များလာပြီ။ တစ်စက်နှစ်စက်မှသည် အရေအတွက်မြောက်မြားစွာ။ ခေါင်းမော့ထားသော အတ္တသည် ကြည်နူးစွာရယ်မောလိုက်သည်။

HEXAGONWhere stories live. Discover now