အပိုင်း ၁၁

6.9K 1K 27
                                    

ထိပ်ချွန်းတောင်ကြီးများသည် တစ်ခုနှင့်တစ်ခု ဆက်စပ် ကာရံထားသည့် တံတိုင်းကြီးတစ်ခုလိုပင်။ အ‌ေ၀းမှကြည့်လျှင် မည်းသော ကျောက်ချွန်များ တန်းစီချထားသည်လား ထင်ရသည်။ အနိမ့်အမြင့်မတူညီ၊ မြေပြင်မရှိ။ ကျောက်ဆောင်ကျောက်သားများသာဖြစ်ပြီး ချုံနွယ်များနှင့် အပင်နိမ့်များသာ ရှိသည်။ မီးခဲတမျှပူလောင်နေသော ကျောက်ဆောင်များကြားတွင် နေစွမ်းအင်သုံး ဆိုလာပြားများသည် အလင်းဟပ်လျက် အရောင်လက်သည်။

ဦးသီဟမောင်းလာသော မော်တော်ကားသည်လည်း နေစွမ်းအင်သုံး ကားအမျိုးအစားဖြစ်သည်။ တောင်ချွန်းများအောက်ခြေတွင် သံဆူးကြိုးမြင့်များနှင့် ဂိတ်တံခါးကြီးရှိသည်။ လက်နက်ကိုင် ဂိတ်စောင့် စစ်သားများသည် ဦးသီဟ၏ ကားကိုမြင်သည်နှင့် ဂိတ်ပေါက်ကို ဖွင့်ပြီးဖြစ်သည်။

အားလုံးကို လက်ပြနှုတ်ဆက်ပြီး ဖြတ်မောင်းလာခဲ့သည်။ ကျောက်ခဲလမ်းဖြစ်သောကြောင့် မညီညာ။ ကားပေါ်က ဆင်းလိုက်သည်နှင့် ကျောက်ချွန်းကျောက်စွန်းများကို အလိုအလျောက် မော့ကြည့်မိသည်။ လေပူပူသည် နှစ်လိုဖွယ်မရှိ။ ကျောက်ခဲစများ၊ သဲမှုန်များ ‌ေ၀ါခနဲလွင့်စင်သွားသောကြောင့် မျက်လုံးထဲမ၀င်ရန် မှိတ်လိုက်သည်။ တောင်မြင့်ကြီးသည် အနီးကပ်လာသည်နှင့်အမျှ မိမိအပေါ် ပြိုကျတော့မည်လား ထင်ရသည်။ အေးမြသော အရိပ်အောက်ရောက်မှ ချွေးသိပ်နိုင်သည်။

တစ်ချိန်က သဘာ၀လှိုဏ်ဂူကြီး၏ အ၀င်၀ကို ယခုအခါတွင်တော့ သံတံခါးကြီးဖြင့် ပိတ်ကာထားပြီ။ ဂိတ်တံခါးတွင် ရှိနေသော စစ်သားနှစ်ယောက်သည် ဦးသီဟ မရောက်လာခင်ချိန်ကတည်းက အချက်ပေး တံခါးဖွင့်ရန် ပြောပြီးဖြစ်သည်။ ကြီးမားလေးလံသော သံတံခါးကြီးသည် အသံထစ်ချုန်းမြည်ဟည်းကာ ပွင့်ဟလာပြီ။

"ဆရာသီဟ ပြန်လာပြီလား"

"‌အေး"

"ဒီည ဆရာ့ဇနီးဆီမှာပဲ နေလိုက်တာ မဟုတ်ဘူး"

"ဘာဖြစ်လို့လဲ"

ပြောသင့်၊ မပြောသင့် ချင့်ချိန်နေသလို စစ်သားနှစ်ယောက် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်သည်။ နောက်လည်းသိမှာပဲဟူသော သဘောဖြင့် တပ်သားတစ်ယောက် ပခုံးတွန့်ကာ စကား စ သည်။

HEXAGONTahanan ng mga kuwento. Tumuklas ngayon