ဖွင့်ထားသော ပြတင်းပေါက်မှ ဖုန်မှုန့်များ အလိပ်လိုက်ထွက်သည်။ မျက်နှာကြက်မှ ပင့်ကူအိမ်များကို တံမြက်စည်းရှည်ဖြင့် ထိုးဖယ်နေသော နန္ဒ၏ မျက်နှာကို အ၀တ်စည်းထားသောကြောင့် မျက်လုံးများသာ မြင်နေရသည်။ နန္ဒကို ကူညီပေးနေသည့် အဂ္ဂ၏ ငွေရောင်ရောသော ဆံပင်များထက် ပင့်ကူမျှင်တစ်ချို့နှင့် ဖုန်မှုန့်များ ကပ်နေပြီ။ ဒီပသည် အခန်းထဲရှိ ခုံဟောင်းများ၊ ပရိဘောဂဟောင်းများကို အဆိုးအကောင်းပင် မရွေးဘဲ ပြတင်းပေါက်မှ လွှင့်ပစ်နေသောကြောင့် ၀ုန်းဒိုင်းကြဲနေသည်။
သူတို့အားလုံး စတိုခန်းကို ရှင်းနေခြင်းဖြစ်သည်။ သိပ်မကြာခင်ရက်များအတွင်း နန်းနဒီသည် သူတို့ရှိရာသို့ လာရောက်တည်းခိုမည်။ ထူးဆန်းသောဖြစ်ရပ်များကြောင့် ခင်မင်မှုပိုလာသော ဆက်ဆံရေးသည် အထူးအဆန်းမဟုတ်ပါ။ သို့သော် တည်းခိုစရာ နေရာပိုမရှိသောကြောင့် စတိုခန်းကို အိပ်ခန်းဖြစ်လာသည်အထိ ရှင်းလင်းပြင်ဆင်ရမည်။ ဧကသည် အခန်းထောင့်ရှိ ၀ိုင်စည်ကြီးနားမှ မခွာ။ အထဲမှာ ဗလာဖြစ်နေသော်လည်း စပျစ်ရည်ကျန်များ ရှိသေးလားဟု မျှော်လင့်ပုံရသည်။ စိတ္တကတော့ အ၀တ်စုတ်များကို တစ်ခုပြီးတစ်ခု ဆွဲယူပြီး နန္ဒကို မေးသည်။
"ဒါက ဘယ်မှာထားရမှာလဲ နန္ဒ"
"အပြင်မှာနေလှန်းထားလိုက်"
"ဒါကိုရော"
"လွှင့်ပစ်ကွာ၊ စိတ္တ.. မင်း ဘာသာ မကြည့်တတ်ဘူးလား၊ ငါ မအားဘူး"
"အဲ့ကောင်က သူ့ခေါင်းနဲ့သူ ဘာမှမလုပ်တတ်ဘူး"
ဒီပ၏ အပြောကို စိတ္တ လက်မခံ။
"ငါ ပုံပြောတတ်တယ်"
"အေး..ဟုတ်တယ်၊ စိတ္တ.. ပုံပြောကွာ"
"သူ့ကိုမပြောခိုင်းနဲ့ ကိုကြီးဧက၊ ဒီကောင်ပြောလိုက်ရင် ညစ်ညစ်ပတ်ပတ်တွေချည်းပဲ"
"ပြောစမ်း ငါ့ညီ၊ မင်းဟာလေးကို ဂရုမစိုက်နဲ့"
ဧက၏ ခွင့်ပြုချက်ရလိုက်သောကြောင့် စိတ္တပြုံးသွားသည်။ အ၀တ်စုတ်ကို ဟန်ပါပါကိုင်ရင်း ၀ိုင်စည်ပိုင်းဟောင်းကြီးပေါ် လွှားခနဲ ခုန်တက်သည်။
YOU ARE READING
HEXAGON
Science Fictionရတယ်။ ကမ္ဘာပျက်တာ သိပ်အရေးမကြီးဘူး။ ငါရှိတယ်။ ငါက မင်းရဲ့ကမ္ဘာ။