ပင်လယ်လေသည် ရွက်ဖျင်တဲလေးကို တဖျတ်ဖျတ် ရိုက်ခတ်လှုပ်ခါစေသည်။ ဖောင်းလိုက်ပိန်လိုက် ဖြစ်နေသော ရွက်ဖျင်နံရံများနှင့် အနားစများသည် တဆတ်ဆတ် တုန်ခါလျက် ညည့်အမှောင်ကို ကြံ့ကြံ့ခံနေဆဲ။ ထင်းမီးပုံသည် ခပ်လှမ်းလှမ်းမှာ။ လေဒဏ်ကြောင့် မီးစမီးနများသည် လွင့်စင်ရုံသာမက တဖျောက်ဖျောက်သံများကိုပါ မကြာမကြာ ကြားရသည်။ ထင်းချောင်းများသည် လိုအပ်သည်ထက်ပိုပြီး လျှင်မြန်စွာ လောင်ကျွမ်းနေသည်။
ရေနွေးခွက်ကို လက်နှစ်ဖက်နှင့်ဆုပ်ကိုင်ရင်း အတ္တသည် မီးပုံနားတွင် ထိုင်နေသည်။ အဂ္ဂ၏ ဂျာကင်အနွေးထည်ကို ၀တ်ထားသောကြောင့် လက်နေရာသည် မသိမသာရှည်နေကာ လက်ဖ၀ါးတစ်၀က်ကို အုပ်နေပြီ။ ဆံစများသည် ပင်လယ်လေကြောင့် လှုပ်ခါလျက်။
အဂ္ဂသည် မီးဖိုထဲသို့ ထင်းတစ်ချောင်းကို ပစ်ထည့်လိုက်သည်။ မီးလင်းရောင်ဟပ်နေသော မျက်နှာပြင်သည် တင်းမာမှုမရှိဘဲ တည်ငြိမ် အေးချမ်းသည်။ အမြဲလိုလို ရင့်မာမှု မျက်နှာဖုံးနှင့် အသားကျနေသူတစ်ယောက် ဖြစ်သောကြောင့် မြင်ရသည်မှာ ထူးဆန်းသလို။ ဖြစ်နိုင်လျှင် ဒီပုံလေးအတိုင်းသာ ထိုသူကို အတ္တ တစ်သက်လုံး မြင်ချင်သည်။
"အဂ္ဂ"
လှမ်းကြည့်သည်။ ပေါ့ပါးအေးချမ်းသော အမူအရာလေး ပျောက်ကွယ်သွားမည်ကိုစိုးရိမ်သောကြောင့် ချက်ချင်း စကားမဆက်ဖြစ်။
"ဘာလဲ အငယ်"
"ထွက်မလာခင်တုန်းက မင်းနဲ့ဧက ဘာတွေပြောနေလဲ ငါ သိတယ်"
မသိမသာ ကွေးညွတ်သွားသော မျက်ခုံးများနောက်မှာ အားပေးသလို ဖြေသည်။
"ငါ သူတို့ကို လိုက်မပြဘူး၊ မင်းဘာမှစိတ်မပူနဲ့"
"မင်း လိုက်မပြရင် ငါ ခေါ်သွားမယ်"
ထင်မှတ်မထားသော စကားကိုကြားလိုက်ရသလို အဂ္ဂ ခါးမတ်သွားသည်။
"သူတို့ကို တားမှဖြစ်မယ် အဂ္ဂ၊ ရှေ့ဆက်သွားရင် ပိုဆိုးမယ်၊ မမနန်းကို ငါ အားလုံးမေးခဲ့ပြီးပြီ"
BINABASA MO ANG
HEXAGON
Science Fictionရတယ်။ ကမ္ဘာပျက်တာ သိပ်အရေးမကြီးဘူး။ ငါရှိတယ်။ ငါက မင်းရဲ့ကမ္ဘာ။