အခန်းအလယ်တွင် သံချေးတက်နေသော ကုတင်တစ်ခု ချထားသည်။ မည်သည့်အခင်းမှမပါ။ မည်သည့်အပြင်အဆင်မှမရှိ။
ထိုကုတင်ပေါ်တွင် ရှိနေသည်က..
ဒီပထံမှ အံ့သြတကြီး အာမေဋိတ်သံနှင့်အတူ ဆဲဆိုသံပါ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ ကြောက်မက်ဖွယ် ခွန်အားတစ်ခု၏ ဖမ်းချုပ်ခံလိုက်ရသလို ဧက ခြေလှမ်းတွေ ရှေ့ဆက်လို့မရတော့။ နောက်နားမှာရှိနေသော အဂ္ဂကို ချက်ချင်းလှည့်ကြည့်သည်။ အဂ္ဂသည် လူသေတစ်ယောက်လို ငြိမ်နေသည်။ မျက်တောင်ပင်မခတ်။ ဖြူရောရောမျက်နှာသည် သွေးမရှိတော့။
"တို့လည်း စတွေ့တုန်းက မယုံနိုင်ဘူး"
နန်းနဒီ၏ အသံသည် သူတို့သုံးယောက်စလုံးကို လှုပ်နှိုးလိုက်သကဲ့သို့ပင်။ ပုပ်ဟောင်နေသောရနံ့ဆိုးသည် လည်ချောင်းကို ဖောက်၀င်နေသည်လားထင်ရအောင် စူးရှသည်။ မျက်နှာကြက်တွင် တပ်ဆင်ထားသော မီးချောင်းမှ အလင်းရောင်အောက်တွင် ကျက်သရေမင်္ဂလာမရှိသော မြင်ကွင်းကို အားလုံးမြင်နေရသည်။
တွဲကျနေသော လက်ကဲ့သို့ ပုံသဏ္ဌာန်သည် ကြမ်းပြင်ကို ထိကာ ပျော့အိအိနှင့် ဖြစ်သည်။ ခရမ်းပုပ်ရောင် ကိုယ်ခန္ဓာသည် မည်သည့်သတ္တ၀ါမျိုးလည်းဆိုတာ သတ်မှတ်လို့မရနိုင်။ သွေးကြောများနေရာတွင် ခရမ်းရောင်အရည်များ ဖြစ်နေကာ အရေပြားကို ထိုးဖောက်မြင်နေရသလိုပင်။ တစ်ကိုယ်လုံးမှ ချွဲကျိကျိ အရည်များသည် ကြမ်းပြင်ပေါ်သို့ တတောက်တောက်ကျလျက်။
"ဘယ်လိုတွေ့ခဲ့လဲ နဒီ"
"စခန်းနားကိုရောက်လာတာ၊ အစက လူလို့ပဲထင်နေတာ"
ဧကသည် ခြေလှမ်းတစ်လှမ်းတိုးရင်း ကုတင်ပေါ်ရှိ အလောင်းနားသို့တိုးကပ်သည်။ ပါးစပ်ပေါက်ကြီးသည် မျက်နှာတစ်ခြမ်းခန့်ကို နေရာယူထားသည်။ ချွန်ထက်ထက်အစွယ်များကို သွားများဟု သတ်မှတ်ဖို့ရာ ခက်နေသည်။ နှာခေါင်းမရှိ။ မျက်လုံးနေရာသည် ပျောက်ကွယ်လုနီးနီး။
"မင်းတို့သတ်လိုက်တာလား"
"ဟုတ်တယ်၊ ဒါပေမဲ့ တို့ဖက်က လူတွေအများကြီး စတေးလိုက်ရတယ်"
YOU ARE READING
HEXAGON
Science Fictionရတယ်။ ကမ္ဘာပျက်တာ သိပ်အရေးမကြီးဘူး။ ငါရှိတယ်။ ငါက မင်းရဲ့ကမ္ဘာ။