အပိုင်း ၇

2K 400 40
                                    

ဒီပရော အဂ္ဂပါ သူတို့မလှမ်းမကမ်းမှာ ရှိနေသူကို လှည့်ကြည့်သည်။ ပွဲကြည့်ချင်နေသူသည် စိတ္တကို လက်နက်များ သွားယူခိုင်းနေရာမှ ဆူညံသံများကြောင့် အိမ်ထဲမှပြေးထွက်လာသော နန္ဒကိုပင် မချန်။ လက်နက်ခန်းမှ လက်နက်များ လေးလံလွန်း၍ မသယ်နိုင်လျှင် မီးဖိုခန်းမှ ဟင်းချက်ဓါးတွေ သွားယူပေးဖို့ တိုက်တွန်းသည်။

ဒီပ စိတ်ပျက်သွားသလို ခေါင်းကိုခါရင်း နေရာမှရွှေ့သည်။ ရန်ဖြစ်ချင်စိတ်ပျောက်သည်မှာ တစ်သက်နှင့်တစ်ခါ ယခုတစ်ကြိမ်သာရှိသည်။

"မင်း ခေါင်းက တစ်ခုခုပဲ ဧက၊ ပုံမှန်မဟုတ်တာ သေချာတယ်"

ဆံပင်စုတ်ဖွားဖွားခေါင်းကို ကိုင်လှုပ်ပြီး ပခုံးချင်းတိုက်ကာ အိမ်ထဲ ၀င်သွားသည်။

"ဘာလဲကွ၊ မသတ်ကြဘူးလား၊ ငါ လုပ်လက်စတွေ ထားပြီး ထွက်လာရတာ၊ မင်းတို့က ဘာကြည့်နေတာလဲ၊ သူတို့အစား သတ်မှာလား"

ကတုံးလေးနှင့် အပြုံးလေးတို့ တစ်ခါတည်း လှည့်ပြေးကြသည်။ အတ္တသည် မြေပြင်ပေါ်ကျသွားသော ဗာဒံစေ့များကို လိုက်ရှာကောက်သည်။ ငိုချင်သလိုလို မျက်ရည်တွေ ၀ိုင်းနေပြီ။ သူ ပင်ပင်ပန်းပန်း စုဆောင်းခဲ့သော ဗာဒံစေ့များသည် သဲအလူးလူး၊ ဖုန်အလူးလူး ဖြစ်နေပြီ။ ထုမိထားသော လက်ချောင်းထိပ်က အခုမှ ပိုနာလာသည်။

မျက်နှာရှေ့ ဖြန့်ပြသည့် လက်ဖ၀ါးကို မျက်ရည်များကြားမှာ မြင်ရသည်။ ဗာဒံစေ့ အတော်များများကို ပြန်တွေ့ရတော့ ၀မ်းသာသွားသည်။ လှမ်းယူတော့ ပြန်မပေးဘဲ လက်ဖ၀ါးကိုပိတ်ကာ ဖယ်သွားသည်။ အဂ္ဂလက်ဖ၀ါးထဲမှ ဗာဒံစေ့အပဲ့များသည် အရေအတွက်အားဖြင့် နည်းလွန်းသည်။ သို့သော် အရသာခံ စားနေသူကြောင့် စိတ်အနှောင့်အယှက် မဖြစ်သည့်အပြင် အတ္တပျော်နေသည်။

"ကောင်းလား အဂ"

နှုတ်ခမ်းနားရောက်နေသော ဗာဒံစေ့ကို မစားဘဲ ပြန်ကမ်းပေးသည်။ မျက်နှာတည်တည်ကို ဘာကြောင့် မကြောက်မိသည်မသိ။ သဲရောနေသောဗာဒံစေ့သည် စားလို့ကောင်းသည်။ ပန်းနုရောင်နှုတ်ခမ်းများသည် ကျေနပ်စွာပြုံးသည်။

HEXAGONWhere stories live. Discover now