ရုတ်တရက်အမှောင်ကျသွားသည်လားထင်ရသည်။ တိမ်စိုင်များနောက်ကွယ်ရောက်ရှိသွားသော နေမင်းကြောင့် အပူရှိန်သက်သာသွားခဲ့ပြီ။ ရေစိုသော မြေပြင်သည် ညိုမှောင်နေသည်။ စိုက်ပျိုးထားသော စိုက်ခင်းလေးသည် စိမ်းလန်းကာ အသီးအပွင့်များနှင့် ေ၀ေ၀ဆာဆာ။ စိုက်ခင်းဘေးပတ်လည်တွင် ရေပိုက်များသွယ်တန်းထားပြီး လွင့်ထွက်နေသော ရေမှုန်ရေစများကြားတွင် လိပ်ပြာငယ်များ ပျံသန်းနေသည်။
ခပ်ရွယ်ရွယ် ခရမ်းသီးတစ်လုံးကို ဆွတ်ယူကာ နန္ဒ ခြင်းထဲထည့်သည်။ နှာခေါင်းသေးသေးလေးကို ယားယံသလို တစ်ချက်ကုတ်လိုက်တော့ ပေ သွားသည်။ သို့သော် ကြည်အေးသော မျက်နှာသည် ငြိမ်းချမ်းစွာ အေးမြသည်။ ဆလတ်ရွက်၊ ခရမ်းချဥ်သီး၊ ပဲသီးတောင့်များရှိနေသော ကြိမ်ခြင်းတောင်းလေးသည် စိတ်နှစ်လိုဖွယ်။ တစ်စုံတစ်ရာကို သတိရသွားသလို ဘေးသို့လှည့်ကြည့်လိုက်ပြီးမှ စိတ်ညစ်သလိုခေါင်းခါသည်။
"ဖြည်းဖြည်းဗျ၊ ကောက်စရာမကျန်တော့ဘဲနေမယ်"
ဒီပက မကြားသလို အာရုံမရှိ။ ကြံ့ခိုင်သူ၏ ခြေထောက်အောက်ခြေနားမှ ဆွလက်စ မြေပြင်သည် ရစရာမရှိ။ မြေစိုင်မြေလိပ်များကြားတွင် အာလူးများသည် ခွန်အားသုံး ပေါက် ထားသဖြင့် အပိုင်းပိုင်းဖြစ်နေပြီ။ နောက်တစ်ကြိမ် ပေါက်တူးကို အားရှိပါးရှိ မြှောက်ကိုင်လိုက်ပြီးမှ လေထဲတွင်ရပ်သွားသည်။ ခပ်ဖြည်းဖြည်းပြန်ချကာ နန္ဒရှိရာ လှည့်ကြည့်သည်။
"ဟေ့ကောင် နန္ဒ"
"အင်း.."
"ဟိုကလေးအကြောင်း မင်းသိလား"
"အတ္တလား.."
"အေး.."
"သိတယ်..."
"မင်း မတားဘူးလား.."
နန္ဒ၏ လှုပ်ရှားမှုများ မသိမသာနှေးကွေးသွားသလို။ မြေစိုင်များကြားထဲ လူးလွန့်ရုန်း၀င်သွားသည့် တီကောင်လေးကို မြင်လိုက်ရသည်။
"တားနေတာပဲဗျာ၊ ဘာမှထူးမှာမဟုတ်ဘူးဆိုတာလည်း ရှင်းပြလို့မရဘူး၊ စိတ်စွဲနေတာ"
YOU ARE READING
HEXAGON
Science Fictionရတယ်။ ကမ္ဘာပျက်တာ သိပ်အရေးမကြီးဘူး။ ငါရှိတယ်။ ငါက မင်းရဲ့ကမ္ဘာ။