ဂူနံရံများသည် မီးတောင်ကျောက်များ ဖြစ်သောကြောင့် အနက်ရောင်လွှမ်းသည်။ စိုထိုင်းမှုရှိနေပြီး လေ၀င်လေထွက်မကောင်းဘဲ ပိတ်လှောင်ထားသလို စိုထိုင်းပြီး ပူလောင်သည်။ သို့သော် မြေအောက်ရေပြင်ကို မြင်နေရသည်မှာ ကြည်နူးစရာ။ မြစိမ်းရောင်လဲ့ကာ အောက်ခြေရှိ ကျောက်စရစ်ခဲငယ်များကို ထုတ်ချင်းဖောက်မြင်ရလောက်သည်အထိ ကြည်လင်သည်။ ရေပွက်သံလေးသည်ပင် ဂူကြီးအတွင်းတွင် ပဲ့တင်သံကို ထွက်ပေါ်စေသည်။
"အတ္တ.. သတိထား"
"အင်း"
ခေါင်းသာညိတ်သော်လည်း အန္တရာယ်ကို သတိထားမိဟန်မတူ။ ကျောက်ဆောင်အဆုံးထိသွားကာ ရေပြင်ကို ငုံ့ကြည့်နေသည်။ ဆယ်နှစ်အရွယ်သာ ရှိသေးသော အတ္တသည် ဆယ့်ခြောက်နှစ်အရွယ် အဂ္ဂ၏ အရပ်နှင့် သိပ်မကွာ။ မေးရိုးချွန်ချွန်လေးပိုင်ရှင် အတ္တသည် ကြောက်လွယ်သည်။ မရဲတရဲရှိသည့်အပြင် မည်သူ့စကားကိုမဆို နားထောင်ဖို့အသင့်။ ဘာမဆို အားကိုးရှိမှ လုပ်ရဲသည်။
လှမ်းမြင်ရသော ရေပြင်ကိုရော၊ ရေကန်လိုအဆင့်ဆင့်ဖြစ်နေသော ကျောက်လွှာများသည် အမြင်ဆန်းနေသည်။ မှောင်သောဂူအမြင့်နေရာတွင် မီးလုံးအမည်းရောင်များ ချိတ်ဆွဲထားသည်လား ထင်ရသည့် လင်းနို့ကောင်များ ကပ်နေသည်။ အမြင့်တစ်နေရာရှိ တံတားပေါ်မှ ခြေလှမ်းသံများ၊ စကားသံများသည် ပဲ့တင်သံများ ဖြစ်ပေါ်စေသည်။ သူတို့သည် ဒီနေရာကို လာခွင့်မရှိ။ ချိုင့်ဝှမ်းလွင်ပြင်သို့သာ ထွက်ခွင့်ရှိသော်လည်း အဂ္ဂသည် ဂရုမစိုက်။ သူ လာချင်လျှင် ရောက်လာတတ်သည်။ နောက်ပိုင်းအချိန်များတွင် သူ့နောက်မှ တကောက်ကောက်လိုက်လာတတ်သော အတ္တက အမြဲပါနေပြီ။
အတ္တ၏ နှုတ်ခမ်းများ ကျေနပ်စွာ ပြုံးနေသည်။ အနားလာခဲ့ဖို့ လက်ယက်ခေါ်နေသော်လည်း အဂ္ဂ မသွား။ ရေထဲငုံ့ကြည့်နေရာမှ ခြေတစ်လှမ်းရွေ့နေသော အတ္တကြောင့် မျက်မှောင်ကြုတ်သွားသည်။
"မင်း သေချင်နေလား"
ဟောက်လိုက်သောအခါ မျက်နှာမဲ့သွားပြီး နေရာမှာပင် ငုတ်တုတ် ထိုင်ချသည်။ ဆောင့်ကြောင့်ပုံစံနှင့် ဒူးကိုပိုက်ထားခြင်းဖြစ်သည်။ တစ်ချက်လှည့်ကြည့်ပြီးမှ ချက်ချင်းပြန်လှည့်သွားကာ မကျေနပ်ကြောင်း အမူအရာနှင့် ဖော်ပြနေသည်။
YOU ARE READING
HEXAGON
Science Fictionရတယ်။ ကမ္ဘာပျက်တာ သိပ်အရေးမကြီးဘူး။ ငါရှိတယ်။ ငါက မင်းရဲ့ကမ္ဘာ။