အပြန်ခရီးသည် အသွားကလိုပင် တိတ်ဆိတ်သည်။ အိပ်ပျက်ခဲ့သော ဧကသည် ကားနောက်ခုံတန်းတွင် ခွေခေါက်အိပ်ပျော်နေပြီ။ ပတ်၀န်းကျင်မြင်ကွင်းသည် အထူးအဆန်းမရှိပါ။ ခြောက်သွေ့နေသောမြေ၊ ပြာလွင်သော ကောင်းကင်၊ သေးငယ်မှုန်၀ါးသော တိမ်မျှင်စများနှင့်သာ။ ဒီပသည် ကားမောင်းနေရာမှ ဘေးမှာငြိမ်သက်ထိုင်နေသူကို မေးခွန်းထုတ်သည်။
"မင်းတို့နှစ်ယောက်ကဘာလဲ အဂ္ဂ"
အတွေးရေယာဥ်ထဲ နစ်မျောနေသူသည် ချက်ချင်းကြားဟန်မတူ။ စက္ကန့်ပိုင်းခန့်နောက်ကျပြီးမှ လှည့်ကြည့်သည်။
"ဘာကိုမေးတာလဲ"
"မနေ့ညကလေ.."
"မင်း ဘာထင်နေလို့လဲ၊ ဘာမှမဟုတ်ဘူး"
"မင်းတို့နှစ်ယောက်မှာ လျှို့၀ှက်ချက်တွေရှိတယ်"
နောက်ထပ်မှတ်ချက်ကိုတော့ အဂ္ဂ မငြင်းနိုင်။
"အဲ့ဒီ့လျှို့၀ှက်ချက်က ငါနဲ့ပဲဆိုင်တယ်"
အတွေးများထဲမှာ အမြစ်တွယ်နေသော အတိတ်မှပုံရိပ်များကို မေ့ဖျောက်နိုင်ဖို့ဆိုတာ မလွယ်ကူ။ တောင်ချွန်းကျောင်ဆောင်ကြီးများကိုမြင်သည်။ မြေအောက်ရေ စိမ်းမြမြနှင့် တောင်ကြီးထဲ တသားတည်း ပိတ်လှောင်ထားသော အခန်းငယ်များ။ ထို့နောက်မှာတော့ အဖြူရောင်၀တ်စုံ တစ်စုံ။
"ငါ မင်းကို အကူအညီတောင်းစရာရှိတယ် ဒီပ"
"စကားပလ္လင်မခံနဲ့၊ ငါက သိပ်စိတ်ရှည်တဲ့ကောင် မဟုတ်ဘူး"
ရွေးစရာအခွင့်အရေးရော၊ ရွေးချယ်ပိုင်ခွင့်တွေပါ အဂ္ဂမှာ မရှိတော့။ ဒီပကို သူ ဖွင့်ပြောမှ ရမည်။ ပင်ပန်းစွာ အိပ်မောကျနေသူ ဧက ထံမှ သူ ကတိတောင်းထားခဲ့ဖူးသလို ရခဲ့ဖူးသည်။ သို့သော် ယခုအချိန်မှာ ဒီကတိကို ဧက တည်နိုင်လိမ့်မည် မထင်နိုင်။ ထို့အပြင် ဒီ၀န်ထုပ်၀န်ပိုးကို သူ ဒီသူ့အပေါ်မှာ မထားခဲ့ချင်။ ဧကသည် သူတို့အားလုံးကို အစ်ကိုကြီးတစ်ယောက်လို၊ အုပ်ထိန်းသူတစ်ယောက်လို ကာကွယ်ပေးချင်နေသူ။ ဒီပကိုတော့ သူ ယုံချင်သည်။
YOU ARE READING
HEXAGON
Science Fictionရတယ်။ ကမ္ဘာပျက်တာ သိပ်အရေးမကြီးဘူး။ ငါရှိတယ်။ ငါက မင်းရဲ့ကမ္ဘာ။