ဆေးရောင်ပြယ်နေသော ခန်းမထဲတွင် လူနှစ်ယောက်ရှိသည်။ စားပွဲခုံနောက်မှ ဦးရာဇာသည် မျက်နှာကြီးမဲ့နေသည်။ ဦးရာဇာရှေ့ မျက်နှာချင်းဆိုင်တွင် မျက်တွင်းဟောက်ပက်နှင့်လူကြီးသည် မရဲတရဲပုံစံနှင့် ခပ်ရို့ရို့မတ်တတ်ရပ်နေသည်။ သူသည် နန်းနဒီကို သစ္စာဖောက်ကာ ဦးရာဇာဆီ ရောက်နေခြင်းဖြစ်သည်။ မြောက်ပိုင်းဒေသသည် လက်နက်အင်အားနှင့် လူအင်အားတောင့်တင်းသည်။ ယခုလို စမ်းသပ်ခံသတ္တ၀ါများကိုပါ ပိုင်ဆိုင်သည့်အတွက် နောင်အနာဂတ်တွင် ပြိုင်ဖက်မရှိနိုင်ဟု တထစ်ချယုံကြည်ကာ ဦးရာဇာ၏နောက်လိုက်ဖြစ်ရန် ရွေးချယ်ခဲ့ခြင်းပင်။
"ဒါဆို ဒီကောင်နှစ်ကောင်က ဧကဆီ ရောက်နေတာပေါ့"
"ဟုတ်ကဲ့ ဆရာကြီး"
ဦးရာဇာသည် ခံစားချက်မဲ့ မျက်လုံးသေများဖြင့် စိုက်ကြည့်နေရာမှ နှုတ်ခမ်းကြီးများ လှုပ်လှုပ်ရွရွဖြစ်လာသည်။ မဲ့သည်လား ပြုံးသည်လား ပြောရခက်သည့် ကြောက်မက်ဖွယ် မျက်နှာထားနှင့် စားပွဲစွန်းများကို တင်းကြပ်စွာဆုပ်ကိုင်ရင် ခါးရှေ့ကိုင်းကာ အလောတကြီးမေးသည်။
"အခုရော.."
"ခင်ဗျာ.."
"ဟို နှစ်ကောင် အခု ဘယ်မှာလဲ၊ ဧကနဲ့အတူရှိနေသေးလား"
"မဟုတ်ဘူး ဆရာကြီး၊ သူတို့ခရီးထွက်သွားတယ်"
"ဘာ"
"ဟုတ်တယ်ဆရာကြီး၊ သူတို့နှစ်ယောက်တည်းသွားတာ၊ ကျန်တဲ့လူတွေ အကုန်ဧက အိမ်မှာ"
"ဘယ်သွားလဲ မင်းသိလား"
"သိပါတယ် ဆရာကြီး"
မျက်တောင်မခတ် စိုက်ကြည့်နေရာမှ ၀ုန်းခနဲ ထရပ်သည်။ တံခါးကို စောင့်တွန်းဖွင့်ရင်း အပြင်ထွက်သည်။ အမိန့်ပေးသံများ ဆူညံသွားသည်။ ဦးရာဇာရှေ့သို့ လက်နက်ကိုင်များ အပြေးအလွှားရောက်လာကြသည်။ အလင်းမျက်မှန်တပ်ထားသည့် ချွေးများရွှဲနေသည့် ဦးရာဇာသည် မေးကြောကြီးများ ထောင်နေသည်။ ညစ်ပေ ၀ါညစ်နေသော အပေါ်ရုံအ၀တ်လွှာအောက်မှ ပိန်လှီလှီလက်ချောင်းများသည် နတ်ပူးသလို တုန်ယင်နေပြီ။
YOU ARE READING
HEXAGON
Science Fictionရတယ်။ ကမ္ဘာပျက်တာ သိပ်အရေးမကြီးဘူး။ ငါရှိတယ်။ ငါက မင်းရဲ့ကမ္ဘာ။