အပိုင်း ၁၀

7.4K 1.1K 37
                                    

မြောက်ပိုင်းဒေသ

တစ်ချိန်တစ်ခါက ထည်၀ါခဲ့သော မြို့ကြီးသည် မြို့ပျက်အသွင် ပြောင်းခဲ့တာ ကြာခဲ့ပြီ။ အမိုးမရှိတော့သော တိုက်အိမ်များ၊ ဟောင်းလောင်းပေါက် ပျက်စီးနေသော အခန်းများသည် နေရာတိုင်းလိုလိုတွင် တည်ရှိသည်။ ပြိုကျနေသော အုတ်ခဲအပိုင်းအစများ၊ ကျောက်စများသည် ဖုန်မှုန့်များကို ဖြစ်ပေါ်စေသည်။ လေပူကြောင့် ၀ရန်တာပျက်များတွင် လှမ်းထားသော အ၀တ်စုတ်များ လွင့်ပါးလျက်။

ထိုမြို့ပျက်ကြီးသည် နေထိုင်သူကင်းမဲ့နေသည်တော့မဟုတ်။ လမ်းကြိုလမ်းကြားများတွင်လည်းကောင်း၊ အိမ်အိုအိမ်ပျက်များတွင်လည်းကောင်း မဲမဲရိပ်များ လှုပ်ရှားနေသည်။ ချောင်ချိစုတ်ပြတ်နေသော အမူအရာများနှင့် လူများသည် တွင်းအောင်းသတ္တ၀ါများနှင့် ပိုတူနေသည်။ မျှော်လင့်ချက်မဲ့မျက်နှာများသည် သေသူနှင့်မခြား။ လမ်းဘေးတစ်နေရာတွင် အရိုးစုများလို ပိန်လှီနေသော လူတန်းကြီးကို မြင်ရသည်။ ရေပုံး၊ သံဇလုံများကို ဘေးနားချကာ အချိန်ကြာမြင့်စွာ တန်းစီနေကြသည်။ ရေဘုံဘိုင်နားတွင် လက်နက်ကိုင် စစ်သားနှစ်ယောက် ရပ်တန့်လျက် အလှည့်ကျရေခပ်လာသူများကို စောင့်ကြည့်နေသည်။

ရေဘုံဘိုင်နှင့် မနီးမ‌ေ၀းတွင် တိုက်ပျက်ကြီးတစ်ခု။ အခြားအဆောက်အဦများနှင့် နှိုင်းယှဥ်လျှင် အဆိုး၀ါးကြီးမဟုတ်သေး။ ငါးထပ်မြောက် တိုက်ဖြစ်သော်လည်း အပေါ်ထပ်များတွင် လူနေဟန်မတူ။ ဒုတိယထပ် တိုက်ခန်းနေရာရှိ မကျဥ်းမကျယ် အခန်းထောင့်တွင် ရေမြှုပ်မွေ့ရာဟောင်းတစ်ခုရှိသည်။ ညစ်ထေးထေး မွေ့ရာကို စောင်တစ်ထည်ဖြင့် ဖုံးအုပ်ထားသည်။ အနားတွင် ရေကရားတစ်လုံးနှင့် ရေခွက်တစ်ခု။ အကာအရံမရှိသော ပြတင်းပေါက်သည် ဟင်းလင်းပွင့်လျက်။ သစ်သားခေါက်ထိုင်ခုံတစ်ခုသည် ပြတင်းပေါက်နားဘေးမှာ။

အသက်သုံးဆယ်ကျော်၊ လေးဆယ်နီးပါးအရွယ် အမျိုးသမီးတစ်ဦးသည် လှုပ်ရှားမှုမရှိဘဲ အပြင်ဘက်သို့ ငေးကြည့်နေသည်။ ခြောက်ယောင်းသော ဆံပင်ရှည်များနှင့် အ၀တ်စုတ်များသည် သူမ၏ အလှကို မဖုံးကွယ်နိုင်။ နှုတ်ခမ်းပါးများသည် တစ်စုံတစ်ရာကို ရေရွတ်နေသလို အဆက်မပြတ် လှုပ်ရှားနေသည်။ ဒူးနှစ်ဖက်ပေါ် ဆုပ်တင်ထားသော လက်ဖ၀ါးနှစ်ဖက်သည် ငြိမ်သက်လျက်။

HEXAGONWhere stories live. Discover now