အပိုင်း ၅

9.1K 1.3K 128
                                    

အဂ္ဂသည် စာကြည့်ခန်း ကြမ်းပြင်ပေါ်တွင် နံရံကိုမှီကာ ထိုင်နေသည်။ ရှေ့တွင် လက်ဖ၀ါးအရွယ် အနက်ရောင် လေးထောင့်တုံးလေးကို ချထားသည်။ ထိုကိရိယာမှ အလင်းတန်းများ ဖြာထွက်နေကာ စာမျက်နှာသည် မျက်နှာနှင့် မ‌ေ၀းမကွာသော အနေအထားတွင် ထင်နေသည်။ လက်ထဲမှ ပေါင်မုန့်ကို စားလျက် စာဖတ်မပျက်။ တစ်ခါတစ်ရံ ပန်းကန်ထဲမှ ပဲဟင်းရည်ကို ခပ်သောက်သည်။ စာကြည့်ခန်းထဲ၀င်လာသူများကို လှည့်မကြည့်သလို စိတ်၀င်စားဟန်လည်းမပြ။

"ကိုကြီး ဧက.. ဒါတွေက"

"စာအုပ်တွေ"

ပါးစပ်များဟပြီး အံ့သြနေသော စိတ္တနှင့် နန္ဒမှာ လည်ပင်းညောင်းသည်အထိ ခေါင်းမော့ကြည့်နေကြသည်။ စာကြည့်ခန်း၏ အခြားတစ်ဖက်တွင် အမိုးထိမြင့်သော စာအုပ်စင်ကြီးများရှိသည်။ များပြားလှသော စာအုပ်များကို သူ့အကန့်နှင့်သူ စနစ်တကျ ထားရှိထားသည်။ စိမ်းနုရောင်အလင်းတန်းက မှန်တစ်ချပ်လို ကာထားသည်။ စာအုပ်များကြာရှည်ထိန်းသိမ်းနိုင်ရန် လိုအပ်သော အပူချိန်နှင့် စိုထိုင်းမှုကို ပံ့ပိုးပေးကာ ခြ၊ ပိုးမွှားများကို မရှင်သန်နိုင်အောင် တားဆီးပေးထားခြင်းပင်။

"နှစ်တွေကြာပြီပေါ့"

"အင်း.. ၂၁ ရာစုက ကျန်တာတွေ"

၂၁ ရာစုသည် ပြက္ခဒိန်ဆိုသည့် သက္ကရာဇ်များတွင် သူတို့မှတ်မိနေသော နောက်ဆုံးသောကာလတစ်ခု။ ထိုကာလသည် နည်းပညာပိုင်းဆိုင်ရာ တိုးတက်မှုများတွင် အထွန်းကားဆုံးကာလတစ်ခု ဖြစ်ခဲ့ဖူးသည်။ ဧက ထံတွင် လက်ကျန်ရှိနေသေးသော အရာများသည် ထိုခေတ်ကာလ အတောက်ပဆုံးအချိန်၏ အထိမ်းအမှတ်များပင်။ ထို့နောက်ပိုင်းတွင် အဖြစ်အပျက်များစွာသည် ကမ္ဘာမြေကို ပြောင်းလဲစေခဲ့သည်။ သို့သော် သိပ္ပံပညာရှင်များ ဖြစ်သည့်အပြင် အကြွယ်၀ဆုံးလူချမ်းသာများ ဖြစ်ခဲ့သည့် ဘိုးဘေး ဘီဘင်တို့၏ အမွေအနှစ်များကို ဧက လက်ခံရရှိခဲ့သည်။

သူ၏ ကိုယ်ပိုင်ကမ္ဘာဟု ဆိုနိုင်သည့် မြေအောက်ခန်းနေရာသည် ဓါတ်ခွဲခန်းကြီးပင်။ နေ့ရောညပါ ထိုမြေအောက်ခန်းမှာသာ အနေများသည်။ ညအိပ်ရန်အတွက် ကုတင်တစ်လုံးပါ ရှိနေသောကြောင့် ရဲတိုက်ကြီးသည် သူနှင့်မသက်ဆိုင်သလို ဖြစ်နေတာ ကြာခဲ့ပြီ။ ယနေ့ညသည် ပထမဆုံးအကြိမ် လူသံများနှင့် ဆူညံနေသည်။ တိတ်ဆိတ်မှောင်မှိက်နေသော အခန်းများတွင် ခြေသံများ၊ စကားသံများ၊ လှုပ်ရှားသံများနှင့် အသက်၀င်နေသည်။

HEXAGONWhere stories live. Discover now