အပိုင်း ၂၂

5.9K 1K 111
                                    

အမှောင်ဆိုတာ အနားယူဖို့ရန် ဖြစ်သင့်သည်။ အိပ်မပျော်နိုင်သည့် ညတစ်ညသည် မပြီးဆုံးနိုင်အောင် ရှည်လျားနေတတ်သည်။ မတင်မကျ ခံစားချက်အငွေ့အသက်များသည် အစိုင်အခဲများလို လည်ပင်းနေရာမှ တစ်ဆို့နေပြီ။ ငြိမ်းချမ်းမှုမရှိသော စိတ်အာရုံကြောင့် အနားယူဖို့ဆိုတာ မဖြစ်နိုင်။

ကုတင်ပေါ်မှ ငေါက်ခနဲ ထ,ထိုင်ကာ ညအမှောင်ထုကို ငေးကြည့်သည်။ ဆောက်တည်ရာမရသလို စိတ်နှလုံးသည် ဘောင်ဘင်ခတ်နေဆဲ။ သူ ဘာဖြစ်ချင်နေတာလဲ။ ဘာကိုရှာဖွေနေတာလဲ။ အဖြေက အောက်ထပ်စာကြည့်ခန်းထဲမှာ ရှိနေသူတစ်ယောက်သာ ဖြေနိုင်လိမ့်မည်။ ရေကရားကို လှမ်းငှဲ့သည်။ အနည်းငယ်သော ရေစက်များမှလွဲလျှင် ကျဆင်းလာခြင်းမရှိ။ အကြောင်းပြချက်ကောင်းတစ်ခုကို ရလိုက်သလို အတ္တ အောက်ထပ်ဆင်းလာခဲ့သည်။

စာကြည့်ခန်းသည် မီးလင်းနေသေးသည်။ တံခါးအောက်မှ ဖြာကျနေသော မီးလင်းတန်းသည် မျှော်လင့်ချက်ရောင်ခြည်တစ်ခု။ ခြေသံမကြားအောင် သတိထားနေမိသည့်အကြောင်းရင်းကို ကိုယ်တိုင်ပင် နားမလည်။ မီးဖိုခန်းထဲမှ ရေအေးတစ်ခွက်ကို မော့သောက်ပြီး ပြန်လျှောက်လာခဲ့သည်။

အခန်း၀,တွင် ခြေစုံရပ်ကာ သတ္တိရှိအောင် ကြိုးစားသည်။ လွယ်ကူခြင်းတော့မရှိ။ တံခါးကို ခပ်ဖြည်းဖြည်း တွန်းဖွင့်သည်။ အဂ္ဂသည် ပြတင်းပေါက်ဘေးတွင် ထိုင်နေဆဲ။ စာအုပ်တစ်အုပ်ကို ပေါင်ပေါ်တင်ထားသော်လည်း ဖတ်နေဟန်မရှိ။ ညအမှောင်ကိုသာ လှမ်းကြည့်နေသည်။ သီချင်းသံတိုးတိုးကို နောက်ခံဖွင့်ထားသည်။

"အဂ္ဂ.."

အံ့သြသွားပုံရသည်။

"မင်း မအိပ်သေးဘူးလား အငယ်လေး"

"မင်းရော.."

ပြုံးလိုက်သည်ထင်သည်။ စာအုပ်ကို အနီးရှိစားပွဲပေါ် လှမ်းတင်သည်။

"အိပ်လို့မရဘူး"

ရင်ဘတ်တစ်နေရာတွင် တင်းကြပ်သွားသည်။ သူ့လိုပါပဲလားဟုတွေးမိတော့ ငိုချင်သွားသည်။ အနားသို့သွားရန် မရဲသောကြောင့် အ‌ေ၀းတစ်နေရာမှ ရပ်ပြီး ငေးနေခဲ့တာ ကြာခဲ့ပြီ။

HEXAGONWhere stories live. Discover now