ရဲတိုက်ကြီး၏ ခေါင်မိုးထက်ရှိ လေညွှန်တံမြားလေးသည် မည်သည့်အရပ်ကို ဦးတည်ရမည်မှန်းမသိသလို ချာချာလည်လိုက်၊ ရပ်တန့်လိုက်နှင့် သူတစ်ဦးတည်း အလုပ်ရှုပ်နေသည်။ အုပ်ကြွပ်နီများသည် ပူပြင်းသောနေရောင်ကြောင့် အခိုးအငွေ့များ ထွက်တော့မည်လားထင်ရသည်။ သစ်ပင်ရိပ်အောက်မှာ ရပ်နေသော ဧက၏ မျက်နှာတွင် ချွေးစက်များ တွဲခိုနေပြီ။ လှိုင်းတွန့်အမောက်သည် မျက်လုံးတစ်ဖက်ကို ဖုံးနေသည်။ အောက်နှုတ်ခမ်းထော်ပြီး ဖူးခနဲလေနှင့်မှုတ်ထုတ်ဖယ်သပ်ရန် ကြိုးစားလိုက်သော်လည်း မအောင်မြင်။
"ဘာတွေဖြစ်ရတာလဲ နန်းရာ.."
"မင်းကို အဲ့ဒါမေးမလို့"
နန်းနဒီသည် စိတ်မရှည်သလို မျက်မှောင်ကုတ်နေပြီ။ အဂ္ဂနှင့်ဆွေးနွေးရာတွင် မည်သို့မျှ မထူးခြားခဲ့။ စမ်းသပ်ခန်းများရှိနေရာကို အရိပ်အမြွက်ပင် မပြောပြဘဲ လမ်းပြဖို့ရန်ပါ ငြင်းဆန်ခဲ့သည်။ ကြောက်မက်ဖွယ်ရာ သတ္တ၀ါကောင်များကို စိတ်မ၀င်စားဘဲ အဂ္ဂ စိတ်၀င်စားသည်မှာ အခြားတစ်နေရာ။ နေရာအနှံ့သို့ရောက်ခဲ့ဖူးသည့် နန်းနဒီထံမှ သူ သိချင်သည်ကိုသာ မေးသွားခဲ့သည်။
"အခု ဘာလုပ်မယ်လို့ပြောလဲ"
"ပင်လယ်ဆီကိုသွားမယ်တဲ့၊ သူ့ကောင်လေးကို ကတိပေးထားတယ်ဆို"
"ကိုယ့်အရုပ်လေးပါ၊ သူ့ကောင်လေး မဟုတ်ဘူး"
နန်းနဒီ စိတ်ပျက်လက်ပျက် လှည့်ကြည့်သည်။
"သူ လမ်းမပြရင် အဲ့ဒီ့စခန်းကိုသွားဖို့ကိစ္စ ဘယ်လိုဆက်လုပ်မလဲ"
အဂ္ဂသည် ကားပေါ်သို့ ပစ္စည်းများတင်နေပြီ။ ရွက်ဖျင်တဲပါသောအိတ်ကို ကားနောက်ခန်းပေါ် ပစ်တင်သည်။ ထို့နောက် ကျောပိုးအိတ်နှင့် ရေဗူး။ နန်းနဒီ ဒေါသထွက်ချင်လာသည်။
"မင်းညီကိုတောင် ရအောင်မပြောနိုင်ဘဲနဲ့ ဘာလို့ တို့ကိုခေါ်နေသေးတာလဲ"
"ဒီကောင်လေး ငြင်းလိမ့်မယ်လို့ မထင်ထားလို့ပေါ့ နန်းရာ၊ အဲ့ဒီ့လူတွေကို သူ ဘယ်လောက်မုန်းနေလဲ ကိုယ်သိနေတာပဲ"
YOU ARE READING
HEXAGON
Science Fictionရတယ်။ ကမ္ဘာပျက်တာ သိပ်အရေးမကြီးဘူး။ ငါရှိတယ်။ ငါက မင်းရဲ့ကမ္ဘာ။