ရေပုပ်ရေညစ်များသည် နံရံများမှ တတောက်တောက် စီးကျနေသည်။ အောက်နှုတ်ခမ်းတွဲနေသော လူကြီးသည် လက်ထဲမှ အထုပ်သုံးထုပ်ကိုကြည့်ရင်း ၀မ်းသာအားရ ဖြစ်နေဆဲ။ ဘေးနားမှာရှိနေသူ လူနှစ်ယောက်ကိုကျော်တက်ကာ ရှေ့သို့ သွက်သွက်သွားသည်။ ညစ်ပေနေသော လှေကားထစ်များကို တက်ရင်း နံရံကို လက်နှင့်ထောက်မိသွားသည်။ မည်းညစ်ညစ်ရေများ ပေသွားသောကြောင့် အင်္ကျီနားစနှင့် ပွတ်သုတ်ပြီး အခန်းဆီးလိုက်ကာကို ဆွဲဖယ်ကာ အခန်းကျဥ်းတစ်ခုထဲသို့ ၀င်သည်။ မုတ်ဆိတ်ဗရဗွနှင့် လူကြီးတစ်ယောက်သည် စားပွဲပေါ်မှ မြေပုံကို ငုံ့ကြည့်နေသည်။ အခန်းထဲ၀င်လာသောလူကို မော့ကြည့်သော မျက်လုံးတစ်ဖက်နေရာတွင် တွင်းနက်နက်တစ်ခုသဖွယ် ဟောက်ပက်ကြီးဖြစ်သည်။
"ဘာလဲ နံပါတ် ၃"
"ဆရာကြီး.. ဒီမှာ ကြည့်ပါဦး ဟဲ ဟဲ"
လက်သန်းအရွယ် အထုပ်သုံးခုကို စားပွဲပေါ်တင်သည်။ ဂျီးများပြည့်နေသော လက်သည်းအချို့ ပဲ့နေသည့် လက်ချောင်းများသည် တုန်နေသည်။
"သုံးထုပ်တောင် ဆရာကြီးရ။ ဟဲ ဟဲ။ ကျွန်တော်တို့ တစ်လလောက် အေးအေးနေလို့ရပြီ။"
"ဟိုကောင် လာသွားလား။"
"ဟုတ်တယ် ဆရာကြီး။ သူ လာသွားတယ်။ ဒါတွေက သူပေးခဲ့တာ။ ကျုပ်တို့ဆီက.. က .."
၀ုန်း
စားပွဲကို ဒုန်းခနဲ ထုသံနောက်မှာ အထစ်ထစ်အငေါ့ငေါ့နှင့် ပါးစပ်ပိတ်သွားသည်။ အလန့်တကြား မော့ကြည့်သည်။
"ဧက ဆိုတဲ့ကောင် လာသွားတယ်။ ဟုတ်လား။"
"ဟုတ် ဟုတ်ကဲ့။"
"ဒီကောင်ဘယ်မှာနေလဲ။ မင်း သိပြီလား။"
"အဲ.. အဲ့ဒါ.."
၀ုန်း.. ဒုန်း..
အနားမှာရှိနေသော ထိုင်ခုံကို ၀ုန်းခနဲ ဆောင့်ကန်သည်။ ကျယ်လောင်သော အသံနှင့် နံရံကို ရိုက်မိကာ တစစီ ကျိုးပဲ့သွားကာ သစ်စသစ်နများ လွင့်စင်ကုန်သည်။
YOU ARE READING
HEXAGON
Science Fictionရတယ်။ ကမ္ဘာပျက်တာ သိပ်အရေးမကြီးဘူး။ ငါရှိတယ်။ ငါက မင်းရဲ့ကမ္ဘာ။