တောက်
လှိုဏ်ခေါင်းသံပါသော ဦးရာဇာ၏ တောက်ခေါက်သံကြောင့် အနားရှိ၀န်ထမ်းများ လန့်သွားသည်။ မှိန်ဖျော့ဖျော့ အခန်းထဲတွင် နာကျင်စွာအော်သံသည် အဆက်မပြတ်ထွက်ပေါ်နေဆဲ။
"မင်း ဆက်လုပ်လိုက်"
အမိန့်သံကို ငြင်းဖို့ရန် ဦးသီဟ မတတ်နိုင်။ နောက်လိုက်ပီပီ ထိုသူထားခဲ့သည့် ကိစ္စကို အဆုံးသတ်ရဦးမည်။ သူနာပြုတစ်ယောက်ကို လှမ်းကြည့်တော့ အရိပ်ကင်းပါးစွာ ဆေးထိုးအပ်တစ်ချောင်း ပြင်ဆင်သည်။ ၀ါကျင့်ကျင့် ဆေးရည်သည် ပိုက်လိုင်းများမှတစ်ဆင့် အော်ညည်းနေသူ၏ ကိုယ်ခန္ဓာကို ရောက်ရှိသွားပြီ။ သို့သော် အားလုံးအဆုံးသတ်ရန် အချိန်လိုသေးသည်။
"မင်းတို့စောင့်နေခဲ့၊ ကိစ္စပြတ်တာသေချာမှ ကျန်တာဆက်လုပ်၊ ဟိုကောင်.. ငါနဲ့လိုက်ခဲ့"
ဦးရာဇာအနားမှာရှိနေတိုင်း မိစ္ဆာတစ်ကောင်နားမှာရှိနေရသလို မနှစ်မမြို့သော ခံစားချက်ကို မဖျောက်နိုင်။ သို့သော် ဦးသီဟခေါင်းငုံ့ကာ နောက်မှလိုက်ခဲ့သည်။ ချိုင့်၀ှမ်းလွင်ပြင်ရှိရာ နောက်တစ်ဖန်ပြန်ရောက်ချိန်မှာတော့ အနံ့အသက်ကင်းသောလေပူပူကို နှစ်ခြိုက်စွာ ရှူသွင်းမိသည်။
"တောက်.. ဘာတစ်ခုမှ အဆင်မပြေဘူး၊ ဒီလောက်ပြဿနာတက်နေတဲ့အချိန် မင်း ဘယ်ရောက်နေလဲ သီဟ"
"ကျွန်တော် မဒီ့ ဆီသွားနေတာ"
"ဒီအရူးမကို စိတ်မကုန်သေးဘူးလား"
ဒေါသသည် ထောင်းခနဲ။ သို့သော် ရင်တွင်းမှသာ။ ကမ္ဘာပေါ်တွင် ဦးသီဟ မလွန်ဆန်ရဲသူသည် သူ့နားတွင်ရှိနေသူတစ်ယောက်သာရှိသည်။
"အဆောင် ၁၈ က ဟာတွေ ထွက်ပြေးသွားတယ်"
"ဟုတ်ကဲ့ ကျွန်တော် ကြားတယ်"
ရိုင်းစိုင်းသော ဆဲသံနှင့်အတူ ချာခနဲလှည့်ကြည့်သည်။
"မင်း ကြားရုံနဲ့ မရဘူး သီဟ၊ မင်းက ငါ့လက်ထောက်၊ ဒီနေရာတစ်ခုလုံးရဲ့ ဒုတိယ ခေါင်းဆောင်၊ မင်းတာ၀န်ကို မင်း မေ့နေလား၊ အား အားရှိ မယားနားပဲ သွားနေရအောင် မင်း ဘာ သောက်သုံးကျလဲ၊ ငါ့ စိတ်ကို မင်းသိတယ်၊ ဒီလောက်သည်းခံပေးနေတာတောင်မှကွာ.. တောက်"
YOU ARE READING
HEXAGON
Science Fictionရတယ်။ ကမ္ဘာပျက်တာ သိပ်အရေးမကြီးဘူး။ ငါရှိတယ်။ ငါက မင်းရဲ့ကမ္ဘာ။