ဆူညံသံများတိတ်ဆိတ်သွားချိန် အရာရာသည် ယခင်ကထက်ပိုပြီး ခြောက်ခြားဖွယ်ရာ။ မီးစွဲလောင်နေသော ကားကြီးမှ မီးတောက်မီးလျှံများကြောင့် အရာရာကို ပြတ်သားစွာ မြင်နေရသည်။ ခြောက်သွေ့သော မြေပြင်တွင် လဲကျနေသူများ၏ သွေးများအိုင်ထွန်းလျက်။ ဧက ရိုင်းရိုင်းစိုင်းစိုင်း ဆဲဖြစ်သည်။ လူသတ်ရတာကို သူ မကြိုက်သော်လည်း လိုအပ်လျှင် လက်နှေးတတ်သူမဟုတ်။ သို့သော် ရှိသမျှလူအားလုံးကို သတ်စရာလိုသည်မထင်။ ယခုတော့..
လေပြင်ကိုခွဲသွားသည့် ဓါးသံနှင့် နာကျင်စွာအော်သံကို ကြားလိုက်ရသည်။ အဂ္ဂမျက်နှာတွင် သွေးစီးကြောင်းများပေလျက်။ မသေမရှင်ဖြစ်နေသူတစ်ယောက်ကို ဓါးရှည်ဖြင့် ကျောဖက်မှ ထိုးစိုက်လိုက်ခြင်းဖြစ်သည်။ သွေးအေးမှုက ကြောက်စရာကောင်းသည်။ လူတစ်ယောက်သတ်ရသည့် မျက်နှာအမူအရာသည် အနည်းငယ်ပင် ပြောင်းလဲမှုမရှိ။
"တော်တော့ အဂ္ဂ"
ပြောနေစရာမလိုတော့။ လဲကျနေသူများတွင် အသက်ရှိသူ တစ်ယောက်မှမကျန်။ ခြေရင်းနားတွင် လဲကျနေသော အောက်နှုတ်ခမ်းတွဲကြီး၏ အသက်မရှိသော မျက်လုံးများသည် ပြူးကျယ်လျက်။ ကျန် ကားနှစ်စီးကို မီးစွဲလောင်နေပြီဖြစ်သည်။ ပေါက်ကွဲသံငယ်များ ထွက်ပေါ်နေပြီ။
မီးညွှန့်မီးတောက် အလင်းရောင်များအောက်တွင် အဂ္ဂသည် နတ်ဆိုးတစ်ကောင်လိုပင်။ မိမိရှေ့မှ အနိဌာရုံကို မျက်နှာမပျက် ကြည့်နိုင်သူကို ဧက စိတ်ထဲအံ့သြရသလို တစ်မျိုးမဖြစ်ဘဲမနေနိုင်။ အသက်အရွယ်နှင့်မလိုက် ရက်စက်လွန်းသည်။ ငရဲ နေရာကိုကျောခိုင်းကာ ဒီပရှိနေရာ လာခဲ့ကြသည်။ ဒီပသည် ကျောက်တုံးပေါ် အေးအေးဆေးဆေး ထိုင်နေသည်။ အနားရှိ မက်ရှင်းဂန်းကြီးမှာ မီးတောက်မတတ် ပူနေဆဲ။ ဧကသည် ဟိုးအဝေးမှပင် လှမ်းဆဲတော့သည်။
"မင်း အဖေမှတ်လို့ ဒီလောက်ပစ်နေတာလား၊ ကျည်ဆံတွေကို မင်းအမေက အလကားပေးနေလို့လား၊ ငါ.."
အသံများတိတ်သွားကာ ခြေစုံရပ်သွားသည်။ ထို့နောက် အလောတကြီး ဒီပနားသို့ လျှောက်သည်။
YOU ARE READING
HEXAGON
Science Fictionရတယ်။ ကမ္ဘာပျက်တာ သိပ်အရေးမကြီးဘူး။ ငါရှိတယ်။ ငါက မင်းရဲ့ကမ္ဘာ။