အပိုင်း ၂၆

5.3K 948 87
                                    

ပြတင်းပေါက်မှ နေရောင်သည် အခန်းထဲသို့ ဖြာကျနေသည်။ စတိုခန်းသည် သန့်ပြန့်နေကာ မှတ်မိစရာပင်မရှိ။ ၎င်းနှင့်တွဲလျက် ရေချိုးခန်း၊ အိမ်သာပါ ရှိသောကြောင့် အဆင်ပြေနေပြီ။ နံရံများကို ဆေးမသုတ်ရသေးသောကြောင့် အရောင်ပြယ်နေသော်လည်း သပ်ရပ်သန့်ရှင်းသော အခန်းငယ်သည် နေချင့်စဖွယ်။

ကုတင်ပေါ်တွင် လဲလျောင်းနေသော ဧကတွင် မည်သည့်အ၀တ်အစားမှ မရှိ။ ချည်စောင်အပိုင်းစကို ချက်အောက်နေရာမှာ အုပ်ကွယ်ထားရုံ ခြုံထားသည်။ မြေအောက်ခန်းထဲတွင်သာ အချိန်ဖြုန်းတတ်သူ ဖြစ်သောကြောင့် အသားရောင်က သွေးမလျှောက်သလို ဖြူရောနေသည်။ ဘုတ်သိုက်ဆံပင်ရှည်များသည် ခေါင်းအုံးပေါ် ပြန့်ကျဲလျက်။ မူးယစ်နေသလို မျက်နှာထက်မှ အပြုံးသည် အတော်ပင် ကျယ်ပြန့်သည်။

တစ်ညတာ အိပ်မက်လှလှကို အစာ၀သော နွားကြီးတစ်ကောင် စားမြုံ့ပြန်သလို တစ်ခုချင်း ပြန်တွေးပြီး ကျေနပ်နေခြင်းပင်။

ရေသံများ တိတ်ဆိတ်သွားပြီး အခန်း၀တွင် နန်းနဒီ၏ ပုံရိပ်ကို မြင်လိုက်ရသည်။ မျက်နှာသုတ်ပ၀ါကို အချို့အစိတ်အပိုင်းများ လုံရုံသာ ပတ်ထားသည်။ ပြေပြစ်သော ကိုယ်ခန္ဓာအချိုးအစားသည် ရေစက်များနှင့် ရောယှက်သောအခါ ကြည့်မ၀နိုင်။ ရှင်းနေသော မျက်နှာပြင်သည် စူးရှရှ လှပနေဆဲ။ ရေစိုနေသော ဆံပင်များကို တစ်ချက်သပ်တင်ပြီး ဧကရှိရာ လှမ်းကြည့်သည်။

"မင်းတို့ဆီက ရေရဲ့ ကွာလတီက ကောင်းလှချည်လား ဧက"

"ကိုယ့် အစွမ်းတွေလေ အချစ်ရာ.."

ကိုယ်ခန္ဓာမှ မျက်နှာသုတ်ပ၀ါကို နန်းနဒီ ခွာချသည်။ ဧက အပြုံးများပိုပြီး ကျယ်ပြန့်သွားကာ လက်ကမ်းပေးသည်။ သို့သော် နန်းနဒီသည် လှည့်မကြည့်။ ထိုင်ခုံပေါ်ပစ်တင်ထားသော အ၀တ်အစားများကို တစ်ခုချင်းစီ ပြန်၀တ်သည်။

"စောသေးတယ် နန်းရာ၊ လာဦး.. ကိုယ်တို့အချိန်ရသေးတယ်"

စိတ်မပါတော့ဘူး၊ ကိုယ့်ပြဿနာကိုယ်ရှင်းဟု နားလည်စေနိုင်သော နန်းနဒီ၏ အကြည့်များက သူ့အလှလိုပင် စူးရှသည်။ ဧက စိတ်ထိခိုက်ချင်ယောင်ဆောင်ပြီး သနားစရာပုံဖမ်းနေသော်လည်း တကယ်တမ်း ဘာမှမဖြစ်။ သူတို့နှစ်ယောက်ကြားမှာ ဘာမှအလေးအနက်မရှိ။ ဒီလိုပင် လမ်းကြုံ နှုတ်ဆက်ခြင်းမျိုး။ ကိုယ်ရော သူပါ လက်ခံနိုင်သော အခြေအနေမျိုးတွင် ဘာကိုမှ အတွေးနက်နေစရာမလို။

HEXAGONWhere stories live. Discover now