အပိုင်း ၂၀

5.8K 997 43
                                    

ရဲတိုက်ကြီး၏ အ၀င်၀လှေကားထစ်တွင် မေးထောက်ပြီး ထိုင်နေသည့် ကောင်လေးသည် ရွှင်လန်းမှုမရှိ။ အိကျနေသောရှေ့ဆံပင်များကြောင့် မျက်လုံးလှများဖုံးလုပြီ။ ကောင်းကင်ရှိရာမော့ကြည့်ပြီး သက်ပြင်းကို ရှိုက်သည်။ ရင်ခွင်တစ်နေရာမှ တင်းကြပ်မှုကို ဘယ်လိုဖြေဖျောက်ရမည်လဲ။ ရင်ညွှန့်တည့်တည့်နေရာမှာမှ စူးအောင့်နေတာ ဘာ့ကြောင့်များလဲ။ ဖွင့်ပြော၍သာ သက်သာရာရမည်ဆိုပါလျှင် မရှက်မကြောက် ဒူးထောက်ရင်ဖွင့်ချင်သည်။

အနီးဆုံးမှာရှိနေသည့် ‌ေ၀းနေသူ။ အချိန်တိုင်းမှာ ခိုးကြည့်ရင်း ရူးသွပ်ခဲ့ရသည်။ သူရှိနေတိုင်း ဂရုမစိုက်ချင်ဟန်ဆောင်နေရသည်ကို မခံရပ်နိုင်တော့လောက်အောင် ပင်ပန်းလှပြီ။ အကြည့်ချင်းဆုံဖြစ်သွားမှာကို သေမလောက်ကြောက်နေရတာမျိုးကို မခံစားချင်တော့။ ဘာ့ကြောင့်လဲဆိုတဲ့မေးခွန်းမလိုအောင် သူ့ဖက်က ကျဆုံးခဲ့သည်မှာ ကြာခဲ့ပြီ။

"အငယ်လေး..ဖယ်ဦး"

နန္ဒအသံကြောင့် နောက်လှည့်ကြည့်သည်။ ရေဇလုံထဲမှာ အ၀တ်စိုတွေ။ ခရီးထွက်ရာမှ ပြန်ရောက်လာသူများ၏ အ၀တ်အစားများကို လျှော်ဖွပ်ပြီး နေလှန်းရန်ဖြစ်လိမ့်မည်။ အတ္တ ထိုင်နေရာမှထရပ်ကာ နန္ဒနောက်မှ လိုက်လာခဲ့သည်။ အ၀တ်များလှန်းရန် ကြိုးတန်းသည် တိုက်ကြီးဘေးတွင်ဖြစ်သည်။ သစ်ပင်နှစ်ပင်ကို ဆန့်တန်းချည်ထားသော ကြိုးတန်းရှည်ပေါ်တွင် နားနေသော လိပ်ပြာငယ်တစ်ကောင်သည် လှုပ်ခါမှုကြောင့် ပျံသန်းသွားပြီ။

"သူတို့ ဘာဖြစ်လာတာလဲ နန္ဒ"

"အဂ္ဂတို့လား၊ ငါ မသိဘူး၊ တစ်မျိုးတော့တစ်မျိုးပဲ"

"ပြန်လာတဲ့ရက်လည်းနောက်ကျတယ်"

"နန်းနဒီတို့နေရာထိ ရောက်သွားတယ်တဲ့"

အတ္တမျက်လုံး၀ိုင်းသွားသည်။ ရန်သူမဟုတ်သော်လည်း တစ်ဖွဲ့နှင့်တစ်ဖွဲ့ မယုံမရဲ သတိထားနေရသူများ ဖြစ်သည်မဟုတ်ပါလား။

"မမနဒီတို့နေရာအထိ.. ဟုတ်လား"

"အေး.. ကျန်တာတော့ ဘာမှမပြောဘူး၊ ကိုကြီးဧက တော်တော်မျက်နှာပျက်နေတယ်၊ သူ့ကိုဒီလိုမျိုး ငါ တစ်ခါမှမတွေ့ဖူးဘူး"

HEXAGONWhere stories live. Discover now