“ရန်နောင် ဗိုက်ဆာနေပြီလား…။”
“ဟင်… မဆာသေးပါဘူး…။ ဘာလို့လဲ…။”
“ဪ… မင်းကြည့်ရတာ လောနေသလိုမို့…။”
“ကိစ္စလေးတစ်ခု ရှိလို့ပါ…။”
ဆရာမ အတန်းထဲက ထွက်သွားသည်နှင့် ရန်နောင်လည်း စာအုပ်တွေကို လွယ်အိတ်ထဲ ကောက်ထည့်တော့သည်။ လုပ်နေပုံက အစီအစဉ်မကျဘဲ လောနေသလိုမို့ မနေနိုင်သည့် ချမ်းငြိမ်းကပဲ မေးလိုက်ရတော့တာဖြစ်သည်။
အခုက မောင်မယ်သစ်လွင်ကြိုဆိုပွဲအတွက် ပထမနှစ်က ကျွန်တော်တို့ကို မေဂျာရဲ့ စီနီယာတစ်ချို့ စကားလာပြောနေကြတာဖြစ်သည်။ ပွဲမှာ ဘယ်လိုအစီအစဉ်တွေပါမယ် ဆိုတာကအစ Major King, Queen selection တွေကိုပါ တစ်ခါတည်းရွေးနေတော့ ထမင်းစားဆင်းရမဲ့အချိန်ပင် ကျော်နေပြီဖြစ်သည်။
“ချမ်းငြိမ်း… ဟိုနောက်မှာ ရပ်နေတဲ့ အစ်ကိုကြီးက မင်းအသိလား…။”
“ဟင်… ဘယ်အစ်ကိုကြီးလဲ…။”
“ဟိုမှာလေ…။ အခန်းဝ ထောင့်နားလေးမှာ ရပ်နေတဲ့ တစ်ယောက်လေ…။ အသားဖြူဖြူ၊ အရပ်မြင့်မြင့်၊ အချိုးအစား ခပ်မိုက်မိုက်နဲ့ အချောဆုံးတစ်ယောက်လေ…။”
“ညွှန်းလိုက်တာ…။”
“ကဲပါ… မင်းရဲ့ အသိလားလို့…။”
ချမ်းငြိမ်း ကျော်စွာပြောသည့် အစ်ကိုကြီးအား သေချာကြည့်လိုက်သည်။ ကျော်စွာပြောသလို ချောတာတော့ တကယ်ချောသည်။ တည်တင်းနေသည့်မျက်နှာထက်မှာ မျက်ခုံးတန်းတန်း၊ မျက်ဝန်းလဲ့လဲ့လေးတွေက ဖမ်းစားနိုင်စွမ်းရှိသည်။ အရပ်မြင့်မြင့်၊ နှာတံစင်းစင်း၊ နှုတ်ခမ်းနီစွေးစွေးနှင့် ဖြူဝင်းသော အသားအရေတို့ကြောင့် အားလုံးထဲတွင် ထင်းနေကာ လူတိုင်း ငေးကြည့်မိလောက်အောင် ချောသည်။
“ငါ့အသိမဟုတ်ပါဘူး…။ ဘာလို့မေးတာလဲ…။”
“မသိဘူးလေ…။ သူ ဝင်လာကတည်းက ဒီဘက်ကိုပဲ ကြည့်နေတာမို့…။”
“သူ့ဟာသူ တခြားကို ကြည့်တာနေမှာပါ…။”
“ဒီဘက်ကို ကြည့်နေတာ သေချာတယ်…။”
ထိုအချိန်မှာပဲ အစ်ကိုတစ်ယောက်က စကားပြောလာတာမို့ ကျော်စွာနှင့် စကားစ ပြတ်သွားရသည်။
“အခု အားလုံးက မဲပေး ရွေးချယ်ထားတဲ့ civil majorက King Queen selection တွေကို ကြေညာပေးမှာ ဖြစ်ပါတယ်…။”
အားလုံး စိတ်ဝင်စားစွာ တိတ်ဆိတ်သွားကြသည်။ ကိုယ်တိုင်မဲပေးထားသည့် ရန်နောင့်ကိုတော့ စာရင်းထဲမှာ ပါစေချင်သည်။ ချမ်းငြိမ်း ရန်နောင့်အား တစ်ချက်လှည့်၍ ကြည့်မိလိုက်သည်။ အလိုမကျသလို မှုန်ကုတ်ကုတ်လေးနှင့် မျက်ခုံးနက်နက်တွေအား တွန့်ချိုးထားပုံက ချမ်းငြိမ်းနှလုံးသားလေးအား အခုန်မြန်လာစေသည်။ ရန်နောင်ဟာ ကျွန်တော့်အတွက်တော့ ချောတာထက်ပင် ပိုပါသည်။
“Queen selection သုံးယောက်ကတော့ ဆုမွန်၊ ဇာခြည်နဲ့ ပန်းမြတ် တို့ ဖြစ်ပါတယ်။ King selection သုံးယောက်က ရန်နောင်၊ ချမ်းငြိမ်းနဲ့ ထွန်းညီတို့ ဖြစ်ပါတယ်။”
ဟမ်… ဘယ်လိုဖြစ်လို့ ကျွန်တော်က ပါသွားရတာလဲ…။ ရန်နောင်ကတော့ ကျွန်တော့်ဘက်ကိုလှည့်၍ ကျေနပ်သလို ပြုံးပြသည်။ ပြီးတော့ ပေါင်ပေါ်တင်ထားသည့် ကျွန်တော့်လက်ကလေးကိုလည်း လာကိုင်သည်။ ကျွန်တော့်ရင်တွေ တအားခုန်နေလိုက်တာ…။
“Selection ၆ယောက်က ထမင်းစားပြီးရင် အတန်းခေါင်းဆောင်နဲ့အတူ ကျောင်းသားရေးရာမှာ စာရင်းလာဖြည့်ပေးကြပါနော်…။ နောက်ပြီး တခြားဖျော်ဖြေရေး ကဏ္ဍတွေမှာ ပါဝင်ချင်တဲ့သူတွေရှိရင်လည်း စာရင်းလာပေးလို့ရပါတယ်။ Selection တွေကတော့ မနက်ဖြန်ညနေကစပြီး training ဆင်းရပါမယ်။ Trainingကိုတော့ တတိယနှစ်က The whole King ကိုသုတနဲ့ civil Queen ဖြစ်တဲ့ မသိင်္ဂီတို့က ပို့ချပေးသွားမှာဖြစ်ပါတယ်။”
ကိုသုတဆိုတာ ကျော်စွာပြောသည့် ကျွန်တော်တို့ဘက်ကို ကြည့်နေသည်ဆိုသည့် တစ်ယောက်ဖြစ်သည်။ ဒါကြောင့် အားလုံးထဲမှာ ကိုသုတက ထင်းပြီး ချောနေတာဖြစ်ကြောင်း မှတ်ချက်လည်း ချဖြစ်လိုက်သည်။
စီနီယာများ ထွက်သွားတော့မှ အတန်းထဲကလူတွေလည်း ထမင်းစား ဆင်းကြရသည်။ ကျွန်တော်လည်း စာအုပ်တွေကို သေချာသိမ်းကာ ကန်တင်းသွားဖို့ ပြင်ရသည်။
“ဟယ်လို…”
“.............”
“ဪ ဟုတ် လာနေပြီဗျ…။”
“..............”
“ဪ ဟုတ် ခဏနေပဲ ရောက်မှာပါ…။”
“...............”
“ဟုတ်ကဲ့ပါ။ အဲဒါဆို ခဏနေကျ တွေ့မယ်နော်…။”
ရန်နောင် ဖုန်းချလိုက်သည်အထိ ကျွန်တော် သေချာလိုက်ကြည့်ဖြစ်သည်။ ရန်နောင်က ဘယ်သူနဲ့ ချိန်းထားတာလဲ…။
“ငါ ကိစ္စလေးရှိလို့ သွားရမှာ။ ဒီနေ့တော့ မင်းတို့နဲ့အတူ လိုက်မစားဖြစ်တော့ဘူး…။”
ကျွန်တော်ကြည့်နေတာကို မြင်သွားသည့် ရန်နောင်ကပဲ ဦးစွာပြောလာသည်။
“အေးပါ…။ ထမင်းတော့ ကောင်းကောင်းစားခဲ့နော်…။ ဆာနေလိမ့်မယ်…။”
ထွက်သွားသူ၏ ကျောပြင်လေးအား အဝေးရောက်သွားသည့်တိုင် ငေးကြည့်နေမိသည်။ တစ်ဖက်သတ်အချစ်က ပင်ပန်းလွန်းလှပါသည်။
YOU ARE READING
Secret Love
RomanceUnicode နှင်းဆီဖြူဆိုတာ ဖြူစင်သန့်ရှင်းပြီး စွန့်လွှတ်ပေးဆပ်နိုင်တဲ့ချစ်ခြင်းမျိုးကို ဖော်ဆောင်တယ်တဲ့...။ Zawgyi နှင်းဆီဖြူဆိုတာ ဖြူစင်သန့်ရှင်းပြီး စွန့်လွှတ်ပေးဆပ်နိုင်တဲ့ချစ်ခြင်းမျိုးကို ဖော်ဆောင်တယ်တဲ့...။