8 (Z)

4.9K 386 24
                                    

အိမ်ပြန်ရောက်တော့ ဘာမှမလုပ်နိုင်သေးဘဲ အခန်းထဲမှာသာ ငူငူငိုင်ငိုင်ဖြင့် ထိုင်နေမိတော့သည်။
ချမ်းငြိမ်းကို နမ်းခဲ့မိသော နှုတ်ခမ်းလေးအား အသာအယာ ထိတို့မိတော့ သူ့ရင်တွေ အဆမတန် အခုန်မြန်လာရပြန်သည်။
အခုထိတိုင် သူ့နှလုံးသားတွေ ဂဏာမငြိမ်စွာ ခုန်ပေါက်နေရဆဲပါ။ သူ့ရင်ထဲ ဘယ်လိုမှ နေမရတော့တာမို့ ချမ်းငြိမ်းဆီကိုသာ ထွက်လာခဲ့လိုက်တော့သည်။

အခန်းတံခါးဖွင့်လိုက်ချိန် တွေ့ချင်နေသူလေး၏ ကျောပြင်လေးကို မြင်လိုက်ရမှ စိတ်ထဲကျေနပ်သွားရသလို…။ တံခါးဖွင့်သံကိုပင် မကြားနိုင်လောက်အောင် ချမ်းငြိမ်းတစ်ယောက် ဘာတွေလုပ်နေသလဲဟု ခြေသံတိတ်တိတ်ဖြင့် အနားသို့တိုးကာ စူးစမ်းလိုက်သည်။ စာအုပ်နှင့် ဘောပင်ကို ကိုင်ထားပေမဲ့ သူ့စိတ်တွေက အဝေးကိုရောက်နေမှန်း ရန်နောင်သိလိုက်သည်။

“ဟိတ်…”

ချမ်းငြိမ်၏ ပုခုံးလေးအား အသာပုတ်၍ ရန်နောင် ခေါ်လိုက်သည်။

“ဟမ်… ရန်နောင်… ဘယ်အချိန်က ရောက်နေတာလဲ…။”

“ငါဝင်လာတာတောင် သတိမထားမိရအောင် မင်းကရော ဘာတွေ တွေးနေတာလဲ…။”

“ဟမ်… အဲ ဘာမှမဟုတ်ပါဘူး… ဒီတိုင်း…။”

ဆက်မမေးတော့ဘဲ ဘေးမှသာ ရပ်၍ ချမ်းငြိမ်း၏လက်ကလေးအား လှမ်းကိုင်လိုက်သည်။
ချမ်းငြိမ်းကလည်း ကျွန်တော့်ကို မော့ကြည့်နေသည်။ ကျွန်တော့်ရင်တွေ အကြောင်းပြချက်မရှိ ခုန်လာရပြန်သည်။

“ငါ… ငါ တောင်းပန်ချင်လို့ပါ…။”

တိတ်ဆိတ်မှုအား ကျွန်တော့်ဘက်က စတင်ဖြိုခွင်းလိုက်မှ ချမ်းငြိမ်းလည်း အယောင်ယောင်အနနဖြင့် သူ့လက်ကလေးအား ပြန်ရုတ်လိုက်ရင်း ခေါင်းလည်းငုံ့သွားသည်။

“ဘာ… ဘာအတွက်လဲ…။”

“ညနေက ငါတို့ နမ်းမိ…”

“အဲ… ဟို… တောင်းပန်စရာမလိုပါဘူး။ မတော်တဆပဲဟာ။ ငါ သတိမထားမိတာလည်း ပါပါတယ်။”

ကျွန်တော် ချမ်းငြိမ်းမျက်နှာကလေးကို တစိမ့်စိမ့်ကြည့်ရတာ သဘောကျနေမိသည်။ တစိမ့်စိမ့်ကြည့်ရင်း တသိမ့်သိမ့်လည်း ရင်တွေတုန်နေသည်။ ဒီနေ့မှ ကျွန်တော် ချမ်းငြိမ်းအပေါ် တစ်မျိုးတစ်မည်လေး ခံစားနေရသည်ကတော့ အမှန်ပါ။

“ဒီည ငါ ဒီမှာ အိပ်လို့ရလား…။”

ပြောပြီးမှ ကျွန်တော့်ကိုယ်ကျွန်တော် သိပ်ထူးဆန်းနေပြီဖြစ်ကြောင်း သတိထားမိပြန်သည်။
အရင်လိုဆို “ဒီည ငါ ဒီမှာ အိပ်မယ်” ဟု ပိုင်စိုးပိုင်နင်းပြောမိမှာ မှန်ပေမဲ့ အခုချိန်တွင် ကျွန်တော့်စိတ်တွေ သိပ်လှုပ်ရှားနေ၍လည်းဖြစ်မည်။
ချမ်းငြိမ်းကလည်း ထူးဆန်းသလို မျက်ဝန်းဝိုင်းကလေးဖြင့် ကျွန်တော့်ကို ကြည့်နေသည်။ ထိုမျက်ဝန်းဝိုင်းလေးတွေကိုပင် ကျွန်တော် ငေးမိသွားရပြန်ပါသည်။

“ရလားလို့…”

ကျွန်တော် ချမ်းငြိမ်း၏ ထိုင်ခုံအနောက်သို့ ထသွားလိုက်ကာ ချမ်းငြိမ်း၏ လည်ပင်းကလေးအား အနောက်မှ သိုင်းဖက်လိုက်ရင်း ခပ်ချွဲချွဲကလေးဆိုလိုက်သည်။ အခုမှ သိသည်။ ကျွန်တော်လိုအပ်နေတာ ချမ်းငြိမ်း၏ ကိုယ်သင်းရနံ့လေးဖြစ်သည်။

“ရ ရပါတယ်…။”

“အာ… ဒါကြောင့် တို့ချမ်းလေးကို ချစ်နေရတာကွာ…။”

အနောက်မှဖက်ထားရင်း ချမ်းငြိမ်း၏ ပါးကလေးအား လှမ်းနမ်းလိုက်သည်။ ကိုယ်လေးတစ်ချက်တုန်သွားကာ နားရွက်ဖျားလေးတွေပါ ရဲလာသည့် ချမ်းငြိမ်း၏ ပုံစံလေးကိုကြည့်၍ အသည်းယားနေမိပြန်သည်။ ဒီနေ့ ချမ်းငြိမ်း သိပ်ချစ်စရာကောင်းနေသည်။

“ဟို… ထမင်းစားမလာခဲ့ရသေးဘူးမို့လား။ ငါ ပြင်ပေးမယ်လေ…။”

ထိုင်နေရာမှထကာ ထွက်သွားဖို့ပြင်နေသူလေး၏ လက်ကလေးအား လှမ်းဆွဲလိုက်ပြီး မိမိနှင့် မျက်နှာချင်းဆိုင်စေလိုက်သည်။ ပါးမို့လေးတွေနီမြန်းနေသူလေးက မျက်ဝန်းနက်နက်ကလေးတွေဖြင့် ကျွန်တော့်ကို ပြန်ကြည့်နေသေးသည်။

“ငါလည်း လိုက်ကူပေးမယ်လေ…။”

ကျွန်တော့်အပြောအား အပြုံးကလေးဖြင့် ခေါင်းတဆက်ဆက်ညိတ်ကာ ခွင့်ပြုပေးသည်။ ချမ်းငြိမ်း၏ အနောက်မှ ကပ်လိုက်ရင်း မီးဖိုခန်းထဲက စားပွဲခုံရောက်မှ ဝင်ထိုင်လိုက်သည်။

“ငါ ဘာကူပေးရမလဲ…။”

“ရပါတယ်။ ငါလုပ်နေကျပဲဟာ…။ မင်းပျင်းရင် ဧည့်ခန်းထဲမှာ မေမေတို့နဲ့ တီဗွီသွားကြည့်ချင် ကြည့်လေ…။”

စားပွဲမှထလိုက်ကာ ဟင်းအိုးတွေအနား အလုပ်ရှုတ်နေသူလေး၏အနောက်မှနေ၍ ခါးအားဖက်ပစ်လိုက်သည်။

“ဟင့်အင်း… မင်းနားမှာပဲ နေချင်တာ…။”

ချမ်းငြိမ်း၏ ပုခုံးလေးပေါ် မေးဖျားလေးတင်၍ ပြောလိုက်သည်။ နီးကပ်လွန်းနေသော ချမ်းငြိမ်း၏ ပါးပြင်ကလေးကိုလည်း ဖျက်ခနဲ နမ်းလိုက်မိပြန်သည်။

“မွှေးတယ်…။”

“ဘာတွေမွှေးနေကြတာတုန်း…”

အနောက်မှ ရုတ်တရက်ထွက်ပေါ်လာသော တီတီ့အသံကြောင့် ချမ်းငြိမ်းအနားမှ အလန့်တကြား ဖယ်ပေးလိုက်မိသည်။
ငယ်ငယ်ကတည်းကလည်း တီတီတို့ မေမေတို့ရှေ့ ဒီလိုပဲနေနေကျကို ဒီနေ့မှ ထူးဆန်းသလိုဖြစ်နေသော ကိုယ့်ကိုယ်ကိုယ်လည်း ခပ်ကြောင်ကြောင်ဖြစ်နေမိတော့သည်။

“ဪ… ဒီမှာလေ… ချမ်းလေးချက်နေတဲ့ ကြက်သားဟင်းလေးက မွှေးနေတာပဲလို့ ပြောတာပါ တီတီရဲ့… ဟင်း ဟင်း…”

“ဒါဆိုလည်း ညစာကို ဒီမှာပဲ စားသွားပါရှင့်…။”

“ဟီး စားရုံတင်မဟုတ်ဘူး တီတီရဲ့။ ဒီည ချမ်းဆီမှာ အိပ်ချင်လို့ ရမလားဟင်…။ သား မရတဲ့ စာလေးတွေလည်း မေးချင်လို့…။”

“အမလေးတော်… ခါတိုင်းလည်း ညီအစ်ကိုနှစ်ယောက် အတူအိပ်နေကျပဲကို။ သားတို့သဘော…။”

“ဟီး…”

ကျွန်တော့်အား ကြောင်တောင်တောင်ကလေး လှမ်းကြည့်နေသော ချမ်းဆီ မျက်ခုံးကလေး လှုပ်ပြကာ ပြုံးနေမိတော့သည်။ ဒီနေ့ ကျွန်တော့်ရင်တွေ တအားခုန်နေသည်။

~•~

Secret LoveWhere stories live. Discover now