18 (Z)

4.5K 307 18
                                    

“တို့ ချမ်းငြိမ်းနဲ့ ခဏလောက် စကားပြောလို့ ရမလား…”

ချမ်းငြိမ်းနှင့် သော်တာ နှစ်ယောက်တည်း ရှိနေချိန်တွင်ဖြစ်သည်။ ကျန်တဲ့သုံးယောက်က အအေးဝယ်ဟူ၍ ထွက်သွားကြသည်။ ဒီအချိန်မှာမှ အချိန်ကိုက် ရောက်လာသော မကေသရီကြောင့် ချမ်းငြိမ်း အနေရခက်စွာ အံ့ဩမိတာတော့ အမှန်ပါ…။

“ဪ ဟုတ် အစ်မ… ရပါတယ်ဗျ…”

မကေသရီက ဘေးနားက သော်တာ့အား မျက်လုံးလေးလှန်၍ ကြည့်လာသည်မို့ ချမ်းငြိမ်း အလိုက်သိစွာ မကေသရီနှင့် တစ်နေရာသို့ သွား၍ စကားပြောရတော့သည်။

“သော်တာ… ရန်နောင်တို့ပြန်လာရင် ဒီအကြောင်း မပြောနဲ့ဦးနော်…။ ငါ toilet ခဏ သွားတယ်လို့ပဲ ပြောထားပေး…”

“ဟယ့်… နင့်ကို သူ ရိုင်းရိုင်းစိုင်းစိုင်း တစ်ခုခုလုပ်ရင် နင် ငြိမ်မခံခဲ့နဲ့နော်…”

အရှေ့မှ ထွက်သွားပြီဖြစ်သော မကေသရီအား သော်တာ့စကား ကြားသွားမည်ပင် စိုးရသည်။ သော်တာက အဲလို စွာသည်။

“သော်တာရယ် တိုးတိုးပြောပါ…”

“အေး နင်သာ ငါမှာတာ မမေ့နဲ့…”

“အေးပါ ဟုတ်ပါပြီ…”

ချမ်းငြိမ်း ထွက်သာလာရသည်။ ရင်တော့တကယ်တုန်သည်။ ကိုယ့်လိပ်ပြာကိုယ် မလုံ၍လည်း ဖြစ်နိုင်သည်။ ပိုင်ရှင်ရှိသော လူတစ်ယောက်ကို ချစ်မိသည့်ဘဝက ဤသို့နှယ်ဖြစ်မည်…။ မကေသရီက အရိပ်ရသော သစ်ပင်တစ်ပင်အောက်ရောက်မှ ခြေလှမ်းတို့အား ရပ်လိုက်သည်။

“တို့ ရန်နောင့်ကို တကယ်ချစ်တယ် ချမ်းငြိမ်း…”

စကားအဆက်အစပ်မရှိပြောလိုက်သော မကေသရီ၏ စကားကြောင့် ချမ်းငြိမ်း တကယ်ကြောင်သွားသည်။ ဒါပေမဲ့ ဟန်မပျက်စွာ ခေါင်းညိတ်၍ ဆက်နားထောင်ရသည်။

“တို့ထက် ငါးနှစ်လောက်ငယ်တဲ့ ရန်နောင့်ကို ရွေးချယ်ခဲ့တာ တော်ရုံ ဆုံးဖြတ်မှုမျိုးတော့ မဟုတ်ဘူး… ရန်နောင် တို့အနားကို စရောက်လာတဲ့အချိန်ကတည်းက တို့သူငယ်ချင်းတွေ တို့ကို တားခဲ့ကြတယ်။ ရန်နောင်ဟာ ရည်းစားပွေရှုတ်တတ်ကြောင်းနဲ့ တခြားအကြောင်းတွေကိုပါ တို့ အစကတည်းက သိခဲ့ပြီးသားပါ…။ ဒါပေမဲ့ တို့ရင်ခုန်သံတွေကို တို့ မထိန်းချုပ်နိုင်ခဲ့ဘဲ ရန်နောင်ဖွင့်ပြောလာတာနဲ့ လက်ခံမိခဲ့တယ်…”

Secret LoveМесто, где живут истории. Откройте их для себя