19 (U)

4.8K 345 65
                                    

ရန်နောင် အိမ်သို့ ညနေစောင်းမှ ပြန်ရောက်သည်။ မန်းချောင်းသာမှ အပြန် အိမ်သို့ တန်းမပြန်ချင်၍ ကျုံးဘေးတွင် ထိုင်နေခဲ့လိုက်သည်။ ချမ်းကြောင့် သူ့ရင်တွေ လောင်မြိုက်နေအောင် ပူလောင်နေခဲ့ရသည်။ ချမ်းက ဘာကြောင့် ကိုယ့်ဆီက ခဏ ခဏ ရုန်းထွက်သွားချင်နေရသနည်း…။ ကိုယ့်ကို သူများလက်ထဲမှာ အဘယ်ကြောင့် စိတ်ချနိုင်ရသနည်း…။

“ငါက မင်းကိုချစ်တာ ချမ်းရ…” ဟု ချမ်း မကြားပေမဲ့ ခဏ ခဏ ပြောနေမိသည်။ အိမ်ပြန်ရောက်ပြီး ရေချိုးပြီးတာနဲ့ အိပ်ရာပေါ်လှဲနေဖြစ်လိုက်သည်။ တွေးမိသည်က ချမ်းအကြောင်းတွေကိုသာ…။ တွေငေးကာ လေးပင်ရင်း ချမ်းဆီကို ညနေ ၇နာရီခန့်တွင် ထွက်လာခဲ့မိသည်။

အခန်းတံခါးဖွင့်လိုက်ချိန် မြင်လိုက်ရသော ကျောပြင်လေးကြောင့် အလွမ်းစိတ်တို့ ပို၍သည်းလာရသည်ပင် ထင်မိသည်။ အနားကို တိုးကပ်သွားသည့်တိုင် သတိထားမိဟန် မပေါ်သေးသော ချစ်ရသူ ချမ်း၏ ဘေးနားတွင် ရန်နောင် ဝင်ထိုင်လိုက်သည်။ အိပ်ရေးစက်လှသူက အိပ်ရာလေး အိခနဲဖြစ်သွားသည်နှင့် နိုးလာသည်။

“ရန်နောင်…”

ရန်နောင် ချမ်း၏ ကိုယ်လုံးလေးအား စွေ့ခနဲ ပွေ့ဖက်လိုက်သည်။ အမှန်စင်စစ် ချမ်းငြိမ်းလည်း ရန်နောင့်ကို လိုအပ်နေသည်ပင်…။ နေမကောင်းသည့်အချိန်မို့ ကိုယ်ချစ်ရသူကို ပို၍ လိုအပ်နေမိသည်။

“ငါ မကေသရီနဲ့ လမ်းခွဲလိုက်ပြီ…”

ချမ်းငြိမ်းရင်ထဲ မကောင်း…။ ကိုယ့်ကြောင့်လို့ တွေးမိတော့ မကေသရီအား ပို၍ပင် အားနာရပါသည်။

“ဘာလို့လဲ ရန်နောင်ရယ်… မကေသရီက မင်းကို တကယ်ချစ်ရှာတာပါ…။”

“ငါ တကယ်မချစ်တဲ့လူတစ်ယောက်ကို ငါ့အတွက်ကြောင့်နဲ့ ဆက်ပြီး အချိန်မကုန်စေချင်တော့ဘူး ချမ်း…။ ငါလေ အခု ငါ ချစ်တဲ့သူအတွက်ကိုပဲ ကြည့်တော့မယ်…”

ဒီစကားတွေအား ချမ်းရဲ့မျက်နှာလေးကို ငေးကြည့်ရင်းမှ ရန်နောင် ပြောလိုက်သည်။ ချမ်းကလည်း ကျွန်တော့်မျက်နှာကို မော့ကြည့်နေတယ်။ သိပ်ချစ်တယ် ချမ်း…။ ဒီစကားကိုပြောဖို့ ဘာကြောင့် စည်းတစ်ခုခြားထားသလို ခံစားနေရတာလဲ ချမ်းရယ်…။ အဲဒီစည်းကို ငါကိုယ်တိုင် ချိုးဖောက်လာရင်ရော ချမ်းက လက်ခံပေးမှာလား…။

“ချမ်း နေမကောင်းဘူးဆို…”

ရန်နောင်က ချမ်း၏ နဖူးလေးအား စမ်းရင်း မေးလိုက်သည်။ အိမ်ထဲအဝင် ဧည့်ခန်းထဲမှာ တီလေးနဲ့အရင်ဆုံတော့ ချမ်း နေမကောင်းသည့်အကြောင်း ကြားခဲ့ရသည်ပင်…။ ကျွန်တော့်ရင်ထဲ စိုးရိန်မှုက အတိုင်းထက်အလွန်ပါ…။

“သက်သာသွားပါပြီ ရန်နောင်ရဲ့…”

“ချမ်း ဘာစားပြီးပြီလဲ…”

ချမ်းက ခေါင်းယမ်းပြသည်။

“အဲတာဆိုလာ… ငါ ခေါက်ဆွဲပြုတ်ပေးမယ်…”

“ဟင်… မင်းက လုပ်တတ်လို့လား…”

“ခေါက်ဆွဲပြုတ်တာလောက်တော့ ရပါတယ် ချမ်းရာ… ငါ့ကိုယုံ… လာ… လျှာလည်သွားစေရမယ်…”

ရန်နောင်က လက်ကိုဆွဲထူ၍ခေါ်တော့ ချမ်းငြိမ်းလည်း ပါသွားရသည်။ မီးဖိုခန်းထဲရောက်တော့ ထိုင်ခုံမှာ ကိုယ်တိုင်ကိုယ်ကျ နေရာချပေးသေးသည်။ ပထမဦးဆုံး ရန်နောင်၏ လက်ရာကို စားရမည်မို့ ချမ်းငြိမ်း ပျော်နေမိသည်။ ကိုယ်ချစ်ရသူက ကိုယ့်အတွက် ကိုယ်တိုင်ကိုယ်ကျ ပြုလုပ်ပေးနေသည်ဆိုတဲ့ စိတ်က အဖျားပင်ပျောက်ချင်သွားသည်။

“ချမ်း… အနှစ်ထုတ်ထဲက ဆီတွေပဲ ထွက်သွားတယ်… အနှစ်တွေက ညှစ်ထုတ်လို့လည်း မရဘူး…။ ဘယ်လိုလုပ်ရမှာလဲ…”

ချမ်းငြိမ်း ပြုံးမိသွားသည်။ ရန်နောင်ဟာလေ… တကယ် ချစ်စရာကြီးပါဆို…။ ချမ်းငြိမ်း ရန်နောင့်အ‌နားသို့ ထသွားလိုက်သည်။ အနှစ်ထုတ်ထဲက အနှစ်လေးတွေအား ဇွန်းမြှီးလေးဖြင့် ကော်ယူပြီး ရန်နောင့်အား အဓိပ္ပါယ်ပါပါထောင်ပြတော့ ရန်နောင်က ပြုံးသည်။

“ကဲ… ရပါပြီဗျ…”

ရန်နောင်က ခေါက်ဆွဲပြုတ်ပန်းကန်လုံးကြီးအား ကျွန်တော့်ရှေ့ သေချာချပေးရင်း ပြောလိုက်တာ ဖြစ်သည်။ ကြက်ဥတွေကလည်း ကျေလို့…။ ချမ်းငြိမ်း ရန်နောင့်အား ပြုံး၍သာ ကြည့်နိုင်တော့သည်။ ရန်နောင်လုပ်ပေးဖူးသော ပထမဦးဆုံး အစားအစာလေးကတောင် ချမ်းငြိမ်းအား ရင်ခုန်နေစေသည်။ ခေါက်ဆွဲပြုတ်လေးအား ချမ်းငြိမ်း တစ်ဇွန်းခပ်သောက်လိုက်သည်။ မဆိုးပါဘူး…။ ကောင်းသည်။ တကယ် ကောင်းသည်။ ရန်နောင်လုပ်ပေး၍ ပြောနေခြင်း မဟုတ်တာ ဝန်ခံသည်။

“ချမ်း… စားကောင်းလား…”

“အင်း… ကောင်းတယ်… မင်းလည်း ဟ… ငါ ခွံ့ကျွေးမယ်…”

ခေါက်ဆွဲပြုတ်လေးတစ်ပွဲက သူတစ်လှည့်၊ ကိုယ်တစ်လှည့် ခွံ့ကြရင်းဖြင့် ကုန်သွားတော့သည်။ ထိုမြင်ကွင်းလေးအား မီးဖိုခန်း၏ အပြင်ဘက် အကွယ်တစ်နေရာမှ စောင့်ကြည့်ကာ ပြုံးနေမိသော အမျိုးသမီးတစ်ဦးလည်း ရှိနေခဲ့သည်။

~•~

Secret LoveWhere stories live. Discover now