6 (U)

5.6K 467 37
                                    

ကျောင်းဆင်းချိန်ထိ ရန်နောင်က ပြန်မလာတာမို့ ကျော်စွာနဲ့သာ အတူ ပြန်ခဲ့လိုက်ရသည်။ အပြစ်မမြင်ပေမဲ့ အတန်းပျက်ပြီးတောင် ဘယ်များသွားနေသလဲဟူ၍ စိတ်ပူမိတာတော့ အမှန်ပါ…။

“ချမ်းငြိမ်းရေ… ချမ်းလေးရေ…”

အခန်းထဲမှာ စာလုပ်ရင်း သူ့အကြောင်း တွေးနေတုန်းမှာပဲ ရန်နောင် ရောက်လာသည်။

အခန်းတံခါးအား ခွင့်မတောင်းဘဲ ဖွင့်ဝင်လာပြီး အိပ်ရာပေါ် ပစ်လှဲလိုက်ပုံက ပိုင်စိုးပိုင်နင်းနိုင်လှသည်။ အိပ်ရာပေါ်က ကျွန်တော့်အရုပ်လေးအား သူ့ရင်ဘက်ပေါ်တင်၍ ပွေ့ဖက်ထားပြီး ကျွန်တော့်ကိုသာ လှမ်းကြည့်နေသည်။ ရန်နောင်မသိအောင် ကျွန်တော် ခိုးပြုံးမိလိုက်သည်။ ရန်နောင်ဟာ ကျွန်တော့်နှလုံးသားထဲကိုလည်း ခွင့်မတောင်းဘဲ ဝင်လာခဲ့သည်။ ကျွန်တော့်အချစ်တွေကိုလည်း သူမမြင်နိုင်တဲ့ ရင်ဘက်ထဲမှာသာ ထွေးပိုက်သိမ်းဆည်းထားမည်ဖြစ်သည်။

ရန်နောင်က အိပ်ရာပေါ်မှထကာ ကျွန်တော့်အနားကို လျှောက်လာသည်။ ကျွန်တော့်အာရုံတွေကတော့ စာကြည့်စားပွဲလေးပေါ်က ဓာတ်ပုံလေးဆီရောက်နေသည်။ ဓာတ်ပုံလေးထဲမှာ ရန်နောင်က ကျွန်တော့်ကို စက်ဘီးစီးသင်ပေးနေတာဖြစ်သည်။ ရန်နောင်က စားပွဲအစွန်းလေးမှာ ဝင်ထိုင်းရင်း ကျွန်တော်ကြည့်နေသော ဓာတ်ပုံကလေးအား လှမ်းယူသည်။ ပြီးတော့ ရွှန်းရွှန်းစားစားပင် ပြုံးသည်။

“ချစ်စရာလေးကွာ… တို့ရဲ့ ချမ်းလေးက ငယ်ငယ်ကတည်းက ချစ်စရာလေး…။”

စားပွဲပေါ်ထိုင်နေသည့် ရန်နောင့်အား ကျွန်တော် မော့ကြည့်မိသည်။ ရန်နောင်လည်း ကျွန်တော့်အား ကြည့်နေခဲ့သည်။ ကျွန်တော့်ရင်တွေလည်း သိပ်ခုန်နေသည်။
ရန်နောင့်လက်ဖဝါးလေးတစ်ဖက်က ကျွန်တော့်ပါးလေးပေါ်သို့ အုပ်ကိုင်လာသည်။ ပြီးတော့ လက်မ‌ကလေးဖြင့် ခပ်ဖွဖွကလေးပွတ်ကိုင်သည်။ ရန်နောင်က အရှေ့ကို တဖြည်းဖြည်း ကိုင်းလာပြီး ကျွန်တော့်အား ခပ်ဆွေးဆွေးကလေးကြည့်သည်။ နီးကပ်လွန်းနေသည့် ဝင်သက်ထွက်သက်တို့နှင့်အတူ ကျွန်တော့်ရင်တွေလည်း သိပ်ခုန်နေသည်…။ ဖျက်ခနဲအနမ်းခံလိုက်ရသော ပါးတစ်ဖက်သာမက ကျွန်တော့်တစ်ကိုယ်လုံး ပူရှိန်းသွားရသည်။ ရန်နောင်က ကျွန်တော့်ပါးလေးအား နမ်းလိုက်တာဖြစ်သည်။

“မွှေးလိုက်တာ…။ သနပ်ခါးလေးနဲ့ တကယ် ကလေးလေးလိုပဲ…။ ဒီလိုပုံစံလေးကို တခြားသူတွေမြင်သွားမှာ သဝန်တိုလိုက်တာ…။”

ရန်နောင် နမ်းလိုက်သော ပါးကလေးအား လက်ကလေးဖြင့် အသာ အုပ်ကိုင်မိကာ စာအုပ်ဆီသို့ ခေါင်းငုံ့ထားမိသည်။ ရန်နောင်က ကျွန်တော့်မေးဖျားလေးမှ ဆွဲမ၍ မော့စေတော့ အလိုက်သင့်စွာ ပြန်မော့မိပြန်သည်။ ရန်နောင်ရဲ့ မျက်ဝန်းဆွေးဆွေးတွေက အာရုံလွှဲမပစ်ချင်လောက်အောင် ဆွဲငင်ထားသည်။ သူ့နှုတ်ခမ်းလေးက အသာအယာ ကွေးညွတ်သွားသည်။ ရန်နောင်က ကျွန်တော့်ကိုကြည့်၍ ကြည်ကြည်နူးနူးကလေး ပြုံးနေတာပင်…။

“ညနေက ငါ အတန်းပျက်ထားလို့ စာ လာကူးတာ…။”

“ဟင်… အင်း…”

ရန်နောင့်ဘက်က စကားပြောလာတော့မှ အယောင်ယောင် အမှားမှားဖြင့် စာအုပ်များဆီသို့ အကြည့်ပြန်ပို့ရသည်။ ဒါကိုလည်း ရန်နောင်က သဘောတကျကလေး ပြုံးသေးသည်။

“ညနေအတန်းက သင်္ချာနဲ့ Drawing ပါပဲ…။ Drawingက အရင်နေ့ကဟာပဲ ထပ်ဆွဲရတာဆိုတော့ သင်္ချာပဲ ကူးရမှာပါ။ အဲ… ဒါနဲ့ စာလာကူးတာဆို စာအုပ်တွေရော…။”

"အခုလို တိုးတက်နေတဲ့ ITခေတ်ကြီးမှာ အပင်ပန်းခံပြီး စာအုပ်တွေ သယ်နေစရာ မလိုတော့ဘူး။ ဖုန်းနဲ့ ဓာတ်ပုံရိုက်ပြီး အိမ်ရောက်မှ ပြန်ကူးလိုက်မယ်လေ… ဟဲ ဟဲ…။”

“မင်းအရပ်နဲ့ မင်းဇာတ်ဆိုတော့လည်း ဘာမှ မပြောတော့ဘူး။ ရော့… ဒီမှာ ဒါ အကုန်ပဲ။ အိမ်စာပေးလိုက်တာတွေရော အကုန် တွက်ပြီးသား…။”

စာအုပ်ထုတ်ပေးတော့ တစ်ရွက်ချင်းလှန်ကာ ဖုန်းဖြင့် ဓာတ်ပုံရိုက်တော့သည်။

“ကဲ… ကူးလို့တော့ပြီးသွားပြီ…။ ငါ့ကို ပြန်ရှင်းပြဦး…။”

“ဟင်… ဆယ်တန်းတုန်းက Trigonometry ပုစ္ဆာတွေနဲ့ တူတူပဲလေ…။”

“မေ့သွားပြီလေကွာ…။ ဆယ်တန်းပြီးတာပဲ နှစ်ဆွေးနေပြီဟာကို…။”

“အင်… အဲတာ မေ့ချင်ဦး…။”

ရန်နောင်ရဲ့ နဖူးလေးအား လက်ထဲက ဘောပင်ဖြင့် ခေါက်‌လိုက်တော့ နာသွားသလို ဆူပုတ်ပုတ်ကလေးဖြင့် သူ့နဖူးအား ပွတ်နေသည်။ ချစ်ဖို့ကောင်းလွန်းနေလိုက်တာ…။

“ငါ မကေသရီကို ဖွင့်ပြောလိုက်ပြီ…။”

စာရှင်းပြနေရင်းနဲ့မှ ရန်နောင်က ကြားဖြတ်ဝင်ပြောလာတာ ဖြစ်သည်။ ကျွန်တော့်လက်ထဲက ဘောပင်လေးဟာလည်း စာအုပ်ပေါ်သို့ ပြုတ်ကျသွားသည်။

“သူကလည်း ငါ့ကို သဘောကျတယ်တဲ့။”

“ဟုတ်… ဟုတ်လား…။ အဲတာဆို မင်းတို့က ချစ်သူတွေဖြစ်သွားကြပြီပေါ့…။”

“အင်း… ဆိုပါတော့…။ ဒါပေမဲ့ ငါ မကေသရီအပေါ်မှာ တကယ်ချစ်ရဲ့လားဆိုတာ မတွေးတတ်ဘူး။ ဒီနေ့ သူနဲ့ အပြင်သွားတော့ ငါ့ရင်ထဲမှာ တစ်ခုခု ဟာနေသလိုကြီး…။”

“မင်း သူ့ဆီက အဖြေတန်းရမယ်လို့ မထင်ထားဘူးမို့လား…။”

“အင်း ဟုတ်တယ်။ သူ့ဆီက အဖြေကို လွယ်လွယ်ရလိမ့်မယ်လို့ မထင်ထားဘူး…။ မင်းက ဘယ်လိုသိလဲ…။”

ချမ်းငြိမ်း ပြုံးမိသည်။ ကိုယ်ချစ်တဲ့သူဆီက တခြားတစ်ယောက်ကို ချစ်တဲ့ အကြောင်းတွေ နားထောင်နေရတာ ရယ်ချင်စရာတော့ အကောင်းသား…။

“မကေသရီ ဘယ်လောက်လှကြောင်း၊ ဘယ်လောက်ဣန္ဒြေကြီးကြောင်း တတွတ်တွတ်ပြောခဲ့တဲ့ မင်းစကားတွေနဲ့တင် ခန့်မှန်းလို့ရတယ်။ ငါ အခုပြောချင်တာက အဲလို မိန်းကလေးဆီက အဖြေကို လွယ်လွယ်နဲ့ရလိမ့်မယ်လို့ ဘယ်သူမှထင်မှာမဟုတ်ဘူး။ မင်းလည်း မထင်ခဲ့ဘူး။ ဒါပေမဲ့ သူက ချက်ချင်းပဲ အဖြေပြန်ပေးခဲ့တယ်။ အဲတော့ မင်းအတွေးနဲ့မင်း ကြောင်တောင်တောင်ဖြစ်သွားရုံပါပဲ။ ဘာမှ အတွေးလွန်မနေနဲ့…။”

ရန်နောင်က ကျွန်တော့်ပုခုံးနှစ်ဖက်အား အုပ်ကိုင်၍ သူနှင့် မျက်နှာချင်းဆိုင်စေသည်။ ဒီအချိန်မှာ ဒီလိုမဖြစ်ချင်တာ အမှန်ပေမဲ့ ကျွန်တော့်ခံစားချက်ကို မျက်ကွယ်ပြုထားဖို့လည်း ကျွန်တော် စွမ်းနိုင်ခဲ့သေးသည်။ ရန်နောင့်အား လှိုက်လှိုက်လှဲလှဲ ပြုံးပြလိုက်သည်။ အခုနောက်ပိုင်း ဟန်ဆောင်ပြီးပြုံးရတာကိုလည်း ကျွန်တော်တတ်ခဲ့ပြီ…။

“ဒါတွေကို ဘယ်လိုသိလဲ…။ မင်းက ချစ်သူလည်း တစ်ခါမှ မထားဖူးဘဲနဲ့လေ…။”

“ချစ်သူထားဖူးမှ အချစ်အကြောင်းကို သိရတာမှ မဟုတ်တာ။ ချစ်တတ်တဲ့ နှလုံးသားလေးတစ်ခုပဲ ရှိဖို့လိုတယ်။”

ရန်နောင် ပြန်သွားသည့်တိုင်အောင် စာကြည့်စားပွဲမှ မထဖြစ်ခဲ့ပါ။ ချစ်တတ်တဲ့ နှလုံးသားလေးက ရန်နောင့်ကြောင့် ရှင်သန်လာခဲ့ရသည်။ ရန်နောင့်ကြောင့်ပဲ နှလုံးသားလေး ခဏ ခဏ သိမ်ငယ်ရသည်။ မမီတဲ့ပန်းကို တုံးခုလို့လည်း မခြူရက်ပါ။ ပင်မြင့်ထက်မှာ သူ့သဘာဝအတိုင်းလေး လှနေတာပဲ ကောင်းပါသည်။ သဘာဝမဆန်တဲ့ အတ္တစိတ်တွေနဲ့ ပန်းကလေးအား ခူးဆွတ်၍ မညှိုးနွမ်းစေလိုပါ…။ ရန်နောင်ဆိုတာ ကျွန်တော် လက်လှမ်းမမီနိုင်လောက်တဲ့ အမြင့်တစ်နေရာက ပန်း‌ကလေးတစ်ပွင့်ပါပဲ…။

Secret LoveWhere stories live. Discover now