18.1 (U)

4.7K 337 48
                                    

သုတနှင့် ချမ်းငြိမ်း ကျုံးဘေးအတိုင်း ပြန်လာရင်းမှ ကျုံးအရှေ့ဘက်အရောက်တွင် ချမ်းငြိမ်းရင်ထဲ ဟာတာတာကြီးတစ်ခု ခံစားလိုက်ရသည်။ ရန်နောင်နှင့် ထိုင်ခဲ့ဖူးသော ခုံတန်းလ…၊ အမှတ်တရဖြစ်ခဲ့ဖူးသောနေရာ…၊ ဒီလောက်နဲ့တင် သူ ငိုဖို့ လုံလောက်ပြီ…။

ဆိုင်ကယ်အနောက်မှ တအိအိငိုသံကြားတာကြောင့် သုတ ပျာသွားသည်။ ဆိုင်ကယ်အား ဘေးနားထိုးရပ်ကာ ညီလေးချမ်းငြိမ်းအား ဖျောင်းဖျဖို့ ကြိုးစားရ‌သည်။

“ဟင်… ညီလေးချမ်းငြိမ်း ငိုနေတယ်…”

ချမ်းငြိမ်း ဆိုင်ကယ်ပေါ်မှ ဆင်းလိုက်သည်။ ကျုံးဘေးက ကလပ်ဖောင်းလေးပေါ် လမ်းလျှောက်လိုက်ရင်းမှ…

“ကျွန်တော်နဲ့ ရန်နောင် တကယ်ဝေးရတော့မှာ…”

“ဘယ်လိုဖြစ်လို့လဲ ညီလေးရဲ့…”

“မကေသရီ ကျွန်တော့်ကို စကားလာပြောသွားတယ် ကိုသု…။ ကျွန်တော် မကေသရီကို တကယ် အားနာတယ်ဗျာ…။ ရန်နောင့်အပေါ် သဘာဝမကျစွာ ချစ်နေမိတဲ့ ကျွန်တော်ကိုက မှားတာပါ…”

ချမ်းငြိမ်းက ပြောရင်း ငိုရင်းဖြစ်နေတော့ သုတ စိတ်မကောင်းချင်…။ ညီလေးချမ်းငြိမ်းက ကိုယ့်အတွက်တော့ ညီလေးအရင်းတစ်ယောက်လိုပါပဲ…။ သုတ ဖြူစင်စွာ ချမ်းငြိမ်း၏ မျက်ရည်စကလေးတွေအား လက်မလေးနှင့် ဖိသုတ်ပေးလိုက်သည်။

“ကဲပါ ညီလေးရယ်… တအားကြီး မစိုးရိန်ပါနဲ့… အဆင်ပြေသွားမှာပါ…”

“ဟုတ် ကိုသု…”

ချမ်းငြိမ်းရင်ထဲ ဘယ်လိုမှ နေမရအောင် ပူနေပြီဖြစ်သည်။ ရန်နောင်နှင့် ဝေးကွာတော့မည်ဆိုသည့် စိတ်တစ်ခုတည်းကပင် သူ့ရင်ကို ဤသို့နှယ် အပူဟပ်သည်။ တကယ်တမ်း စည်းခြားသွားကြပါက သူ ခံနိုင်ရည်ရှိအောင် ကြိုးစားရဦးမည်။ ချမ်းငြိမ်း ပါးပေါ်က မျက်ရည်စလက်ကျန်တွေအား သုတ သုတ်ပေးလိုက်သည်။ ထိုမြင်ကွင်းအား မြင်သွားသော ကျော်စွာတစ်ယောက်ကတော့ ဆိုင်ကယ်လက်ကိုင် မြဲအောင်ကိုပင် မနည်းထိန်းလိုက်ရသည်။

“ဟင်… ညီလေး ကိုယ်တွေပူလာ‌တယ်ရော…”

သုတပြောမှ ချမ်းငြိမ်းလည်း ကိုယ့်နဖူးကိုယ်ပြန်စမ်းမိသည်။ တကယ် ပူနေတာပဲ။

Secret LoveWhere stories live. Discover now