15 (Z)

3.8K 321 52
                                    

ညနေ ကျောင်းဆင်းပြီဖြစ်၍ ချမ်းငြိမ်း Training ဆင်းသည့် ဟောခန်းသို့ ထွက်လာခဲ့လိုက်သည်။ ရန်နောင်မပါသော ဒီနေ့က သူ့အတွက် လျှောက်နေသော ခြေလှမ်းများကိုပင် လေးပင်စေသည်။ သူ့လက်ကို လာလာကိုင်တတ်သည့် လက်တစ်စုံကိုပဲ လွမ်းဆွတ်နေမိသလိုလို…။ ချမ်းငြိမ်းဘဝမှာ ရန်နောင့်ကို တကယ်ကြီး လိုအပ်နေတာပါပဲ…။

တိတ်တခိုး ချစ်ရသူမို့
တိုးတိတ်စွာနဲ့ပဲ ရင်ထဲက အချစ်တွေကို
ထာဝစဉ် မြိုသိပ်ထားမယ်…
ကိုယ့်ဘက်က တိုးလာတဲ့ ခြေတစ်လှမ်းကြောင့်
သူ ခြေတစ်လှမ်း နောက်ဆုတ်ကာ သူစိမ်းဆန်သွားမည်ကိုတော့
ဘဝနှင့်ရင်း၍ ကြောက်မိသည်…။

သူငယ်ချင်းထက် အဆင့်ပိုခွင့်မရှိတဲ့ ဘ‌ဝတွေ…။
ရန်နောင့်အပေါ် မှားယွင်းစွာ ဖြစ်တည်နေမိသော ကျွန်တော့်အချစ်တွေ…။
ချစ်ခွင့်ရှိပေမဲ့ ဖွင့်ပြောဖို့ပင် အခွင့်မရှိသော ဆက်ဆံရေးတွေ…။
ဒီအချိန်မှာ ကျွန်တော်အကြောက်ဆုံးက ကျွန်တော့်ကိုယ် ကျွန်တော်ပါပဲ…။ ကျွန်တော် ရန်နောင့်အပေါ် အတ္တကြီးမိသွားမည်ကို ကြောက်သည်။

အရင်းနှီးဆုံး သူငယ်ချင်းတစ်ယောက်အနေနှင့် ရန်နောင့်အနားမှာ ဒီအချိန်အထိ နေခွင့်ရသည်ကိုကပဲ ဆုလာဘ်တစ်ခုဖြစ်မည်။ ဒီထက်ပို၍ လောဘတက်မိပါက ခင်မင်ဆဲ သံယောဇဉ်ကြိုးကလေးပါ ပြတ်တောက်သွားမည်ကို စိုးမိသည်။ အချစ်ဆိုတဲ့ သမုဒယသစ္စာကြောင့် ဒုက္ခသစ္စာဖြစ်နေရသည်…။

“ဟင် ညီလေးချမ်းငြိမ်း… မပြန်သေးဘူးလား…”

တွေးရင်း ငေးရင်း လမ်းလျှောက်လာရင်းမှ ကိုသုနှင့် ဆုံသည်။

“ဟို… Training လာတာဗျ ကိုသု…”

“ဟင်… Training က ဒီနေ့နားတယ်လေ…။ အာ… ဟုတ်သားပဲ မနေ့က ညီလေးတို့နှစ်ယောက် စောပြန်သွားတော့ မသိလိုက်တာဖြစ်မယ်…။”

“ဗျာ… ဟုတ်လား ကိုသု… ဒုက္ခပါပဲ…”

ဒီနေ့မှ ရန်နောင်ကလည်း မကေသရီကို သင်တန်းလိုက်ပို့နေရသည်မို့ ချမ်းငြိမ်း မည်သို့ အိမ်ပြန်ရမည်ပင် မသိ…။

“ရန်နောင်က ပြန်မလာသေးဘူးလား ညီလေး…”

“ဗျာ… ဪ ဟုတ်တယ် ကိုသု…”

Secret LoveWhere stories live. Discover now