9 (Z)

4.8K 381 18
                                    

အိပ်ပျော်နေသော ချမ်း၏မျက်နှာကလေးအား တစိမ့်စိမ့်ငေးကြည့်နေရသည်ပင် ရင်အစုံအား အေးချမ်းစေသည်။ ပါးပြင်ဖြူနုနု၊ မျက်ခုံးလှလှလေးတွေနဲ့ ချမ်း…။ ယောက်ျားဆန်စွာချောမောနေခြင်းမျိုးထက် ကလေးတစ်ယောက်လို ဖြူစင်စွာ ချစ်ဖို့ကောင်းနေတာမျိုး…။ နှာတံစင်းစင်း၊ နှုတ်ခမ်းဖူးဖူးစိုစိုကလေးတွေ…။

ဟင်… နှုတ်ခမ်းဖူးဖူးစိုစိုလေး…။

ချမ်းရဲ့နှုတ်ခမ်းလေးတွေဆီ အကြည့်ရောက်မိတော့ ညနေကအဖြစ်အပျက်တွေက ရင်ထဲသို့ အစီအစဉ်မကျစွာ တိုးဝှေ့ဝင်ရောက်လာပြန်သည်။ ခုနကလို သူ့ရင်တွေ အဆမတန်အခုန်မြန်လာရပြန်သည်။ အိပ်ပျော်နေသောချမ်း၏ ပါးပြင်ပေါ်သို့ လက်ဖဝါးလေးဖြင့် အုပ်ကိုင်ထားရင်း နှုတ်ခမ်းနုနုလေးတွေအား လက်မကလေးဖြင့် ထိတို့ကြည့်မိလိုက်တော့ သူ့ရင်တွေ ဗြောင်းဆန်ကုန်ရသည်။ မဖြစ်သင့်ဘူးဟူသည့် စည်းဘောင်တစ်ခုအား အမြန်ချမှတ်လျက် မျက်နှာကျက်တည့်တည့်ထံသို့ မျက်နှာပြန်မူရင်း ရင်ဖိုလှိုက်မောခြင်းတို့အား ခန္တီနှလုံးကျင့်သုံးပြီး ချေခြွတ်ပေမဲ့လည်း အချည်းနှီးသာ…။

သတိမထားမိပါဘဲ သူဟာ ချမ်းအနားသို့ တိုးကပ်မိလျှက်သား ဖြစ်သွားသည်။ ချမ်းရဲ့မျက်နှာကလေးအား အပေါ်စီးမှ အုပ်မိုးကြည့်နေရင်း အတိုင်းမသိ ရင်ခုန်လာသည်။ ချမ်း၏မျက်နှာနှင့် နှုတ်ခမ်းလေးကိုသာ တမ်းတမ်းတတ ငေးစိုက်ကြည့်နေမိသည်။ ရင်ခုန်စိတ်တွေကြောင့် ကျွန်တော့်တစ်ကိုယ်လုံး ချွေးစေးများပြန်လာသည်ပင် ထင်ရသည်။

ချမ်းရဲ့ မျက်လုံးလေးတွေ တဖြည်းဖြည်းပွင့်လာသည်ကိုပင် အရေးမစိုက်နိုင်ဘဲ ငေးကြည့်နေမိသည်အထိ ကျွန်တော့်စိတ်ဝိညာဉ်တို့အား နှုတ်ခမ်းနုနုကလေးကသာ ဖမ်းစီးချုပ်နှောင်ထားသည်။

“ရန်… ရန်နောင်…”

ချမ်း၏ အိပ်မှုန်းစုံမွှားမျက်နှာလေးသည်ပင် ကျွန်တော့်အတွက် ကဗျာတစ်ပုဒ်လို နှစ်ခြိုက်ဖွယ်အတိ။ ချမ်းရဲ့ပါးပြင်ကလေးပေါ် လက်ဖဝါးဖြင့် အုပ်မိုးကိုင်လိုက်တော့ မျက်လုံးနက်ဆွေးဆွေးကလေးတွေနှင့်ပင် ပြန်ကြည့်နေသေးသည်။

Secret LoveWhere stories live. Discover now