"ဖရဲသီး.."
အသံ ရှည်ရှည်ဆွဲကာ အော်ရင်း အထွန်းတစ်ယောက် လမ်းကိုခပ်သွက်သွက်လျှောက်လိုက်သည်။
နေပူပူမို့ အပြင်မထွက်ချင်ပေမယ့် ဘဝက လွယ်မှမလွယ်ဘဲ။ မနက်ပိုင်းမှာ အမေနဲ့ ကုန်စိမ်းရောင်းလိုက် ၊ နေ့လည်ပိုင်းမှာ ဖရဲသီးလည်ရောင်းလိုက် ၊ ဒါတောင် ပိုက်ဆံက လည်ပတ်ချင်တာမဟုတ်ဘူး။ တစ်နေ့လုံး အလုပ်လုပ်မှ စားရုံသောက်ရုံလောက်ရတာ။ ငွေပိုငွေလျှံဆိုတာလည်း ဘယ်ဆီနေမှန်းမသိ။
ပညာတတ်တဲ့သူတွေများ လစာလေးတွေရတာ ဟောခနဲ ဟောခနဲ ၊ ဒီလို လမ်းတကာလည်ပြီး ဈေးရောင်းစရာလည်းမလိုဘူး။
အထွန်းက သက်ပြင်းခပ်သဲ့သဲ့ ချရင်းမှ ဆက်တွေးပြန်သည်။
ဒါပေမဲ့လည်း အထွန်းတို့က ကျောင်းမှ မနေနိုင်တာ။ ဆင်းကလည်း ဆင်းရဲတာကိုး ။ ဘဝပေးပဲလေ ဘယ်တတ်နိုင်မလဲ။ ထွေထူးပြီးတော့လည်း စိတ်မညစ်ပါဘူး ဘဝမှာ ပြည့်စုံတယ်ရယ်လို့မှ မရှိတာ။
တွေးရင်းက နေကပိုပူလာသလို တိုက်လာသောလေကလည်း မအေးဘဲ ပူနေသည်။ ပုဆိုးကို ခြေမျက်စိထိ ရှည်ရှည်ဝတ်ထားသောကြောင့်သာ ခြေထောက်က အပူသက်သာသည် ။ တီရှပ် လက်တို ဝတ်ထားသော အထွန်းလက်နှစ်ဖက်ကတော့ ညိုရုံမက မဲပါမဲလို့ ။
အင်း နေတွေ လေတွေ ဒီလောက်ပူတာ ဗန်းထဲက ဖရဲသီးလေး နှိုက်စားရရင်ဖြင့် ။
တံတွေးကိုသာ အသာမျိုချလိုက်ရသည်။
မြင်သာ မြင်ရ မကြင်ရ ဆိုတာ အထွန်းမှ အထွန်း အစစ်။
ဖရဲသီးတစ်စိတ်လျော့ ရင် ပိုက်ဆံ ၃၀၀ လျော့မှာ ၊ သုံးရာဆိုတာ ကြက်ဥ သုံးလုံးစာ ။
မြတ်တာမှ ငါးထောင်မပြည့်တာ ကိုယ် နှိုက်စားလို့လည်း မဖြစ်တော့ တံတွေးကိုသာ မျိုချရင်းက ဆက်အော်ရပြန်သည်။အခုအချိန် ဖရဲသီးလေး နှိုက်စားလိုက်ရရင် ရင်လေးကို အေးနေမှာပဲ ။
ဒါပေမယ့် အထွန်း ရင်က ကိုမိုးကို မြင်ရလည်း အေးပါတယ်လေ..။
အထွန်းက ကိုမိုးရှိသော လမ်းကို မျက်နှာမူရင်း ပြုံးသည်။
YOU ARE READING
ပုလဲတို့ဖြင့်ဖွဲ့သီသော ( Completed)
Romance"ကံ့ကော်ဆိုတာ မပြောင်းလဲတဲ့ချစ်ခြင်း သက်သေ"