အထွန်းတို့ အိမ်က မြို့အစွန်ရောက်နေသောကြောင့် လူသူအရောက်အပေါက်နည်းသည်။
ရပ်ကွက်လေးထဲ အိမ်ခြေ ကလည်း များများစားစားမရှိသည့်အတွက် ပို၍ပင် တိတ်ဆိတ်နေပြန်သည်။
အခြေခံလူတန်းစား အများစု နေကြသော ထိုရပ်ကွက်လေးသည် သဘောကျစရာတော့ကောင်းသည်။ အိမ်က သေးသေး ၊ ခြံကကျယ်ကျယ် ။
အိမ်သေးသေး တွင် ဖြစ်သလို နေကြထိုင်ကြပြီး ခြံကျယ်ကျယ်ထဲတွင်တော့ သီးပင် စားပင်များကို စိုက်ကြသည် ။
စိုက်ကြသည်ဟု ဆိုသော်လည်း အမှန်တကယ်တွင် အလေ့ကျပေါက်နေသော အပင်တို့က များပါသည် ။အထွန်းတို့ခြံထဲတွင်တော့ စိုက်ထားရသော အပင်ဟူ၍ ဘူးပင် ၊ ခရမ်းချဉ်သီးပင် နှင့် ငရုတ်ပင်လောက်သာ ရှိသည် ။
ဆူးပုပ်ပင် ၊ သဗြုပင်မှ အစ သီဟိုဠ်ပင်အထိရှိသည် ။ အထွန်း အိမ်နောက်တွင်ရှိသော တောင်ပေါ်တက်လျှင် ငှက်ပျောပင် တို့ တန်းစီနေသည်။ တောင်အောက်တွင်တော့ ဆီးသီးပင် သုံးလေးပင်က ဟိုတစ်ပင် ဒီတစ်ပင် ။
စွပ်ကျယ် အဖြူနှင့် ဘောင်းဘီ အတို ဝတ်ထားသော အထွန်းသည် သားရေဖိနပ်ကို ဟန်ပါပါချွတ်ရင်း ဆီးသီးပင်ကို ပစ်သည် ။
လက်နဲ့ အသေအချာ ခူးချင်ပေမယ့် အထွန်းမှ မမီတာ။
နေပူပူတွင် အထွန်းတစ်ယောက် အလုပ်များနေတော့သည်။
ဖိနပ်ကို မိုးပေါ်ထောင်ပစ်လိုက် ၊ ကြွေကျလာသော ဆီးသီးတွေကို ခမောက်ထဲ ထည့်လိုက် ၊ စွပ်ကျယ်အင်္ကျီဖြင့် သုတ်ပြီး စားလိုက်။
"အထွန်း အဲ့ ဆီးသီးတွေပဲ ကောက်စားမနေနဲ့လေ"
ဟင်းချက်နေသော အမေက လှမ်းအော်တော့ အထွန်းပလုပ်ပလောင်း စားနေရာမှ ရယ်ပြလိုက်ရင်း
"ကောက်မစားပါဘူး အမေရဲ့ ၊ ခူးစားတာ အမေ့အတွက်ရော ခူးခဲ့ရမလား "
"ဟဲ့ ခူးလည်း မစားနဲ့တော့ ၊ ခဏနေရင် ထမင်းစားတော့မှာ "
"ဟုတ်"
ထိုအခါမှ လက်ကျန်ဆီးသီး ငါးလုံးလောက်ကို ပါးစပ်ထဲ ပစ်ထည့်ပြီး တစ်လှမ်းချင်း လမ်းလျှောက်လာလိုက်သည် ။
![](https://img.wattpad.com/cover/253808493-288-k444591.jpg)
YOU ARE READING
ပုလဲတို့ဖြင့်ဖွဲ့သီသော ( Completed)
Dragoste"ကံ့ကော်ဆိုတာ မပြောင်းလဲတဲ့ချစ်ခြင်း သက်သေ"