အထွန်းတစ်ယောက် စဉ့်အိုးဘေးတွင် ထိုင်ကာ ရေခွက်ကို ကိုင်ရင်း ပြန်ချရင်းဖြင့် အလုပ်များနေသည် ။ တစ်ကိုယ်လုံးကို ရေချိုးပြီးသော်လည်း မျက်နှာ မသစ်ရသေး။
မျက်နှာသစ်လိုက်ရင် ကိုမိုး လိမ်းပေးထားတဲ့ သနပ်ခါးလေး ပျက်ကုန်တော့မှာ ။ ဒါပေမယ့် မျက်နှာ မသစ်လို့ကလည်း ရမှ မရတာ။
စဉ့်အိုးထဲသို့ ငုံ့ကြည့်လိုက်တော့ အထွန်းပုံရိပ်လေးကို ဝိုးတိုးဝါးတား မြင်နေရပြန်သည် ။
အထွန်း ဒီ ပါးကွက်လေးကို နှမျောလိုက်တာ ။
နာရီဝက် ၊ တစ်နာရီခန့် ထိုင်နေပြီးသော အခါတွင် အထွန်းတစ်ယောက် နှုတ်ခမ်း လေးကို မဲ့ကာ မဲ့ကာဖြင့် မျက်နှာ သစ်ရတော့သည် ။
အထွန်း ဒဿဂီရိလို ခေါင်းတွေ အများကြီး ရှိချင်လိုက်တာ ။ ဒါဆိုရင် အထွန်း ဒီပါးကွက်လေးကို သိမ်းထားလို့ရမှာ ။
အိမ်ပေါ်သို့ရောက်သော အခါတွင်တော့ အလျင်အမြန်ပင် ရေသုတ်ကာ အမေပြန်လာကို စောင့်နေလိုက်သည်။
အမေ က ဥပုသ်စောင့်ထားတယ် ၊ အထွန်းလည်း သိပ်မစားချင်တော့ ထမင်းမချက်တော့ပါဘူးလေ ။
*******
"မြူးကြွတဲ့ တေးသံ ပျံ့လွင့်လို့နေ .. ကူးပြောင်းစ တန်ခူးလေမှာ .."
အထွန်းက သီချင်း တကြော်ကြော် ဆိုရင်း မဏ္ဍပ်ရှိရာသို့ ထွက်လာသည်။
ဗဟို မဏ္ဍပ်က မြို့အလယ် ၊ အထွန်းတို့ အိမ်က မြို့ အစွန် ။ မနီးလှသော အကွာအဝေး ဖြစ်သော်လည်း အထွန်း ကတော့ အနည်းငယ်မျှပင် ပင်ပန်းသည်ဟု မထင်။
ရေခွက်ဖြူဖြူကို လက်က ကိုင်ကာ ခုန်ဆွခုန်ဆွ ဖြင့် လျှောက်လာရင်း လမ်းတစ်ဝက်သို့ပင် ရောက်လာသည်။
တော်ပါသေးရဲ့ ရေလောင်းတဲ့ သူတွေ မရှိသေးလို့ ။အထွန်း ကိုမိုးနဲ့တွေ့တဲ့အထိ ရေမစိုချင်သေးဘူး။ သင်္ကြန်မှာ အထွန်းကို ပထမဆုံးရေလောင်းတဲ့ သူက ကိုမိုးပဲ ဖြစ်စေချင်တာ။
"အမလေး"
တွေး၍ပင် မဆုံးသေးခင် ပခုံးတစ်ဖက်က ရွှဲရွှဲစိုသွားလေတော့ အလန့်တကြားပင် ထအော်မိတော့သည်။
YOU ARE READING
ပုလဲတို့ဖြင့်ဖွဲ့သီသော ( Completed)
Lãng mạn"ကံ့ကော်ဆိုတာ မပြောင်းလဲတဲ့ချစ်ခြင်း သက်သေ"