"အထွန်းရေ""ဟဲ့ လှကြည် ၊ ဈေးသိမ်းခါနီးမှ ဘယ်လိုရောက်လာတာလဲ"
"နင့်ကို သတိရလို့ ထွက်လာတာ ၊ ပြီးတော့ ဈေးဝယ်ရင်းနဲ့ "
လှကြည်က နောက်မှ ပါလာသော မိန်းကလေးကို စာရွက်တစ်ရွက်ပေးသည်။
"ရော့ ဝယ်ပြီးမှ ဒီဆိုင်ကို ပြန်လာခဲ့နော်"
ထိုမိန်းကလေးထွက်သွားပြီးသောအခါတွင်တော့ လှကြည်က ဘေးမှ ဆိုင်အလွတ်ပေါ်တက်ထိုင်တော့သည်။
စိန်နားကပ်ကိုပန်ကာ နောက်တွဲဆံထုံးထုံးထားသော လှကြည်သည် ဖြူဖြူစင်စင်ပင် လှပနေဆဲပင်။
ရင်ညွန့်ထိရှည်သော ဆွဲကြိုးတွင် တစ်လက်မခန့်ရှိသော စိန်ဆွဲသီးက ထင်သာမြင်သာရှိနေသည်။ လက်တစ်ဖက်စီတွင်ရှိနေသော လက်စွပ် ၊ လက်ကောက်တို့ကို တွေ့ရသော အခါတွင်တော့ အထွန်းတစ်ယောက် ဝမ်းသာစိတ်ဖြင့် ပြုံးမိပါသည်။"လှကြည်ရေ အခုမှပဲ မြင်ရတော့တယ် ၊ အဆင်ပြေတယ်မလား"
"ဘာကိုလဲ "
"အကုန်ပေါ့ဟာ နင်ရော ၊ နင်တို့ အိမ်ရော"
"ငါတို့အိမ်ကတော့ ပြေမှာပါ ၊ ငါကတော့ မပြေဘူး"
"ဟဲ့ နင် အဆင်မပြေဘူးလား ဘယ်လိုဖြစ်တာလဲ"
"မပြေပါဘူးဟာ ၊ ဒီလိုပါပဲ "
ခေါင်းကို ခပ်လေးလေးခါရင်း သက်ပြင်းချသော လှကြည်ကို အထွန်းက နားမလည်စွာဖြင့်ကြည့်မိသည်။
အရာရာပြည့်စုံတဲ့သူနဲ့ မင်္ဂလာဆောင်ထားတာလေ ၊ လှကြည်ကို အခြားသူတွေကတောင် အားကျနေကြတာ။ ဒါကို သူက အဆင်မပြေဘူးတဲ့လား။
"လှကြည် နင်စိတ်ညစ်နေရတာလား"
"အေးဟယ် ငါလည်းမှားတာပါ"
"အဲလိုလည်း ဘယ်ဟုတ်မလဲ ၊ မိဘ ပေးစားလို့ယူခဲ့တာပဲ"
လှကြည်က နှုတ်ခမ်းကို မဲ့သည်။
"သူကလေ လူကောင်းမဟုတ်ဘူး ၊ ငါ့အမေတို့ရှေ့မှာတော့ သူတော်ကောင်းပေါ့ ဒါပေမယ့်လေ သူ့စိတ်ထဲမှာ ငါ့ကို လိုချင်စိတ်ကလွဲပြီး ဘာမှမရှိဘူး "
YOU ARE READING
ပုလဲတို့ဖြင့်ဖွဲ့သီသော ( Completed)
عاطفية"ကံ့ကော်ဆိုတာ မပြောင်းလဲတဲ့ချစ်ခြင်း သက်သေ"